
ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနအိမ်ရာစီမံကိန်းနဲ့ လှိုင်သာယာမြို့နယ်က ကျန်စစ်မင်းအိမ်ရာ စီမံကိန်းတွေက တန်ဖိုးနည်း တိုက်ခန်း ၂၀၀ ကို နိုဝင်ဘာမှာ ရောင်းမယ်ဆိုပေမဲ့ အိုးအိမ်က သူ့လူနဲ့ သူ ချိတ်ဆက်ပြီး ရောင်းပေးမဲ့သူတွေရှိပြီးသား ဖြစ်နေတယ်လို့ DVB က စုံစမ်းသိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ထားတဲ့ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂၀၀ ကို အတိုးနှုန်းသက်သာတဲ့ အိမ်ရာချေးငွေစနစ်နဲ့ လာမဲ့ နိုဝင်ဘာလထဲမှာ ရောင်းပေးမယ်လို့ တရားဝင် ကြေညာထားတဲ့အပေါ် DVB က စုံစမ်းတဲ့အခါ အခန်းတွေကို ဝယ်ခွင့်ရထားသူ အတော်များများဟာ အိုးအိမ်ဝန်ထမ်းတွေနဲ့ ဆက်စပ်ပတ်သက်သူတွေပဲ ဖြစ်နေတယ်လို့ သိရတာ ဖြစ်ပါတယ်။
“ယုဇနမှာ လက်ရှိ ဆောက်နေတာလည်း ရှိသေးတယ်။ ပြီးသွားတာလည်း ရှိနေတယ်။ အဲဒီမှာ အမြတ်နဲ့ ရောင်းနေကြတာလည်း ရှိတယ်။ မြေညီ အကျယ်က ၂၂ ပေ ၄၄ ပေ ပတ်လည် အကျယ် ရှိတယ်။ အိုးအိမ်ကို သွင်းရတဲ့ဈေးက ကျပ် သိန်း ၁၆၅၀ ။ ဒါပေမဲ့ မြေပြင်မှာ ဝယ်ရောင်း ကောက်သူက သိန်း ၂,၆၀၀ နဲ့ ကောက်တယ်။ ရောင်းဖို့ စျေးခေါ်တာ သိန်း ၃,၀၀၀ ခေါ်တယ်။ အရောင်းအဝယ် ဖြစ်တဲ့ဈေးက ၂၇၀၀ - ၂၈၀၀ လောက်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်။ မြေညီထပ်ပြီးတော့ ပထမထပ်မှာ ဆိုရင် ၄၄ ပေ ကို အခန်း နှစ်ခန်း ဖွဲ့တယ်။ ဒါပေမဲ့ အခန်း တခန်းနဲ့ တခန်းကို ၄ ပေ လောက်ကျယ်တဲ့ လူသွားလမ်းပါတာကြောင့် အခန်းရဲ့ အကျယ်က ပေ ၂၀ လောက်ပဲ ကျန်တော့တာ။ လူနှစ်ယောက်တည်း နေမယ်ဆိုရင်တော့ အဆင်မပြေဘူး။ အခန်းက ကျဉ်းလွန်းတယ်။ တကိုယ်ရည်သမားတွေ ကောင်းတယ်ပေါ့ဗျာ။ အဲဒီအခန်းက အိုးအိမ်ကို သွင်းရမဲ့ ငွေပမာဏ ၉၀၀ ဆိုရင် အပြင်မှာ အမြတ်ကို သိန်း ၂၅၀ နဲ့ သိန်း ၃၀၀ လောက် တင်ရောင်းနေကြတယ်။ ဒုတိယထပ်ဆိုလည်း အလားတူပဲ”လို့ ဒေသခံက DVB ကို ပြောပါတယ်။
ရောင်းချပေးမဲ့ တိုက်ခန်းတွေကတော့ ဒဂုံမြိုသစ် (ဆိပ်ကမ်း) မြို့နယ်မှာ ရှိတဲ့ ယုဇနအိမ်ရာစီမံကိန်း၊ အပိုင်း (၃) က ၈ ခန်းတွဲ ၅ ထပ်တိုက် အမှတ် (၄၊ ၁၂၊ ၂၈) မှာ ရှိတဲ့ အခန်း ၁၂၀ ၊ လှိုင်သာယာမြို့နယ် က ကျန်စစ်မင်းအိမ်ရာ၊ အပိုင်း (၁) ၊ တိုက်အမှတ် (၅၁၊ ၅၄) မှာ ရှိတဲ့ အခန်း ၈၀ ဖြစ်တယ်လို့ အိုးအိမ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယုဇနမှာ နေထိုင်သူတယောက်က “ကျနော်တို့ ယုဇမှာ တချို့ဝယ်ယူခွင့် ပါမစ်ရတဲ့သူတွေ အမြတ်နဲ့ ရောင်းပြီးသွားကြပြီ။ အတိုး သက်သာတဲ့အိမ်ရာ ခေါင်းစဉ်အောက်မှာ အမှန်တကယ် နေထိုင်ဖို့ အခက်အခဲရှိသူတွေ ဝယ်ခွင့်မရပါဘူး။ နေထိုင်ဖို့ နေရာရှိတဲ့သူတွေကပဲ လျှောက်ကြပြီးတော့ အမြတ်နဲ့ ရောင်းနေကြတာ ဖြစ်လို့ အိုးအိမ်အနေနဲ့ ဒီလို မဖြစ်ရအောင် စိစစ်ရမှာ ဖြစ်ပေမဲ့ သူတို့ ကိုယ်တိုင်က အမျိုးတွေကို ရောင်းပေးတာမျိုး လုပ်သလို ကိုယ်နဲ့ ရင်းနှီးသိကျွမ်းတဲ့ နေထိုင်ဖို့ရှိတဲ့ သူတွေကိုပဲ ရောင်းပေးနေတာပါ။ နေထိုင်ဖို့ ခက်ခဲသူတွေကို စိစစ်ပြီး ရောင်းပေးမှ အတိုးနည်း တန်ဖိုးနည်းတိုက်ခန်း ဆိုတာ အမှန်တကယ် ဖြစ်လာမှာပါ”လို့ ပြောပါတယ်။
တိုက်ခန်း ဝယ်ယူဖို့ လျှောက်ထားသူတွေအနေနဲ့ ဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) မှာ ၂၀၂၆ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နဲ့ ရှိထားပြီးသူ အရေအတွက် ၂၄၉၆ စာရင်းမှာ ပါသူတွေ ဖြစ်ရမယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင် တယောက်က “နေစရာ နေရာမရှိလို လျှောက်ထားတဲ့သူတွေလည်း ပါတယ်ဆိုပေမဲ့ ရာခိုင်နှုန်းက လုံး၀ နည်းနည်းလေးမှ တကယ့်ကို နည်းနည်းလေးပါ။ ကျနော် သိသလောက်ကတော့ ဝယ်ဖို့ လျှောက်ထားတဲ့ အရေအတွက်က ၅,၀၀၀ ကျော်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခု ထုတ်ပြန်တဲ့ စာရင်းက ဘဏ်စာအုပ်ထဲမှာ သိန်း ၃၀ အထက်ရှိသူတွေ စာရင်းပဲ ဖြစ်မှာပါ။ ငွေစုထားတယ်ဆိုတဲ့ အရေအတွက်က လျှောက်ထားသူတွေ အားလုံးရဲ့ တဝက်နီးပါး ဖြစ်မှာပေါ့။ ဒါပေမဲ့ ရန်ကုန်တိုင်းထဲမှာ ရောင်းပေးမဲ့ အခန်းအရေအတွက်က အခု ရောင်းပေးမယ်လို့ ပြောတဲ့ ၂၀၀ အပြင် နောက်ထပ် ၃၀၀ လောက်ပဲ ရှိမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
အခန်းဝယ်ယူခွင့် ရရှိသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ အိမ်ရာချေးငွေကို မဖြစ်မနေ ရယူရမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ရောင်းချမဲ့ အိမ်ရာစီမံကိန်းတွေရဲ့ တည်နေရာ၊ အဆောက်အအုံ အမျိုးအစား၊ အခန်းအကျယ်အဝန်းနဲ့ ဈေးနှုန်းတွေကို လေ့လာပြီးနောက် အမည်၊ မှတ်ပုံတင်အမှတ်၊ CHID Bank နဲ့ Down Payment Serial No. တွေကို ပြည့်ပြည့်စုံစုံ ဖြည့်သွင်းပေးရမှာ ဖြစ်ပြီး တိုက်အမှတ်နဲ့ အခန်းအမှတ်တွေကို စိတ်ကြိုက် ရွေးချယ်လျှောက်ထားခွင့်ရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။ တိုက်ခန်းတွေကိုတော့ ဒီဇင်ဘာ ၇ ရက်နေ့ မဲနှိုက်ပေးဖို့ အစီအစဉ်ရှိပါတယ်။











