
အီရန်နိုင်ငံဟာ စစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်နဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ အီရန် ပူးတွဲ စစ်ဌာနချုပ်ရဲ့ ခါတမ် အလ်-အန်ဘီယာဗဟိုဌာနချုပ်မှ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်မ် ဇိုလ်ဖာကာရီက မတ် ၂၅ ရက်မှာ ငြင်းဆိုလိုက်ပြီး အမေရိကန်ရဲ့ ရှုံးနိမ့်မှုကို သဘောတူညီချက်လို့ အမည်မတပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
အီရန်နိုင်ငံပိုင်ရုပ်သံကနေတဆင့် ဇိုလ်ဖာကာရီက အမေရိကန်ကို “ခင်ဗျားတို့ အရင်က ကြွားလုံး ထုတ်ခဲ့တဲ့ မဟာဗျူဟာမြောက် အင်အားဟာ မဟာဗျူဟာမြောက် ရှုံးနိမ့်မှုအဖြစ် ပြောင်းလဲ သွားပါပြီ၊ ကမ္ဘာ့စူပါပါဝါလို့ ကြွေးကြော်တဲ့ အမေရိကန်ဟာ ဒီအခြေအနေကနေ လွတ်နိုင်ရင်လည်း လွတ်သွားပါလိမ့်မယ်။ ခင်ဗျားတို့ရဲ့ ရှုံးနိမ့်မှုကို သဘောတူညီချက်လို့ အမည်မတပ်ပါနဲ့။ ခင်ဗျားတို့ ကတိပေးတဲ့ခေတ်ဟာ ကုန်ဆုံးသွားပါပြီ" လို့ ပြောခဲ့တာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က အမည်မဖော်လိုတဲ့ အီရန်အရာရှိတွေနဲ့ အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဒီသီတင်းပတ် အစောပိုင်းမှာ ပြောကြားခဲ့ကာ စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး ဝါရှင်တန်က ရေးဆွဲထားတဲ့ အချက် ၁၅ ချက်ပါဝင်တဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို တီဟီရန်ဆီ ပေးပို့ထားတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတယောက် ရိုက်တာကို မတ် ၂၄ ရက် မှာ ပြောပါတယ်။
ဒေသတွင်းတည်ငြိမ်မှုကို အီရန်စစ်တပ်ကပဲ တာဝန်ယူမယ်ဆိုတာကို ဝါရှင်တန်ဘက်က လက်မခံ သရွေ့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စစ်မဖြစ်ခင်က စွမ်းအင်စျေးနှုန်းတွေ ပြန်ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဇိုလ်ဖာကာရီက ဆိုပါတယ်။
အမေရိကန်ဟာ ကိုယ့်ပြည်တွင်းရေးမှာတောင် ပြန်ပြီး ညှိနှိုင်းနေရတဲ့အထိ အခြေအနေဆိုးနေပြီလို့ လည်း ဝေဖန်ခဲ့ပါတယ်။
အီရန်လူမျိုးတွေကို ဆန့်ကျင်တိုက်ခိုက်မယ်ဆိုတဲ့ အတွေးအခေါ်တွေ အမေရိကန်ဘက်က လုံးဝ ပျောက်ပျက် မသွားမချင်း ဘာမှ ပြောင်းလဲလာမှာ မဟုတ်သလို "ကျုပ်တို့လို လူမျိုးတွေဟာ ခင်ဗျား တို့လို လူစားမျိုးတွေနဲ့ ဘယ်တော့မှ အပေးအယူလုပ်မှာ မဟုတ်ဘူး" လို့လည်း တင်းတင်း ပြတ်ပြတ် ပြောကြားခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်က အီရန်ရဲ့ အရပ်ဘက်စွမ်းအင်ကဏ္ဍကို ဗုံးကြဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ဆိုင်းငံ့ လိုက်ပြီး ပျော့ပြောင်းတဲ့သဘောထား ပြလာတာကြောင့် ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက်ဟာ တနင်္လာနေ့ ကစပြီး ပြန်လည် တည်ငြိမ်လာခဲ့ပါတယ်။
ဒါပေမဲ့ အီရန်ဘက်ကတော့ ထရမ့်ပ်ရဲ့ ထုတ်ပြန်ချက်တွေဟာ ငွေကြေးဈေးကွက်ကို ငြိမ်သက်စေဖို့ အချိန်ဆွဲဖို့ ကြိုးစားတာသာဖြစ်တယ်လို့ ရှုမြင်နေပါတယ်။
Source:Reuters











