
Burma Research Institute (BRI) က စီစဉ်တဲ့ စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲအပြီး အမေရိကန်နိုင်ငံအတွက် အခွင့်အလမ်းနဲ့ စိန်ခေါ်မှုများ ရှင်းလင်းပွဲကို လာမဲ့ ဧပြီ ၁၅ ရက် မွန်းလွဲပိုင်းမှာ ပြုလုပ်သွားမယ်လို့ BRI တည်ထောင်သူ ဇိုသုန်းမှုန်က ပြောပါတယ်။
Dirksen အထက်လွှတ်တော်ရုံး အဆောက်အအုံမှာ ပြုလုပ်မဲ့ ရှင်းလင်းပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ USAID နဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ဆပ်ကော်မတီအဖွဲ့ဝင် ခရစ်ဗန်ဟော်လန်တို့က ပံ့ပိုးထားတာပါ။
ဇိုသုန်းမှုန်က “မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မကြာခင်မှာ သမ္မတအဖြစ် ခန့်အပ်မယ်လို့ ထင်ပါတယ်။ တဖက်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ခေါင်းဆောင်တွေဟာ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတုန်းပဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာလည်း ဘာသာ လူမျိုး မခွဲခြားဘဲ ဆက်တိုက် အရှိန်မြင့်တက်နေတာဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို ပိုပြီးဆိုးရွားစေပါတယ်။ စစ်ကောင်စီဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ လုံခြုံရေးအတွက် တိုက်ရိုက် ဆက်ပြီးခြိမ်းခြောက်နေတယ် ဆိုတာကို ကျနော်တို့က အချက်အလက်တွေနဲ့ ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ မြန်မာ့အရေး စိတ်ဝင်စားတဲ့သူအားလုံး ဆွေးနွေးပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ ကျနော် ဖိတ်ကြားချင်ပါတယ်” လို့ ပြောပါတယ်။
ရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတရဲ့ အကြံပေး ဦးကျော်ဇော်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၊ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ ဦးမိုးဇော်ဦး၊ Women Advocacy Coalition – Myanmar ရဲ့ ညှိနှိုင်းရေးမှူး ဒေါ်မေစံပယ်ဖြူ၊ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း BROUK ဥက္ကဋ္ဌ ဦးထွန်းခင်တို့ ပါဝင်ရှင်းလင်းသွားမှာပါ။
အမေရိကန်အထက်လွှတ်တော် တာဝန်ရှိသူတချို့လည်း ရှင်းလင်းပွဲကို တက်ရောက်မှာဖြစ်ပြီး မြေပြင်အခြေအနေ အကဲဖြတ်ချက်တွေကို အမေရိကန်အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်ကို ပေးပို့သွားမှာ ဖြစ်ပါတယ်။










