
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဗဟိုကော်မတီဝင်တွေနဲ့ ခေါင်းဆောင်တွေကို စစ်အာဏာရှင်က ဖမ်းဝရမ်းထုတ် လိုက်လံ ဖမ်းဆီးနေသလို နိုင်ငံကူး လက်မှတ် ပတ်စ်ပို့ ၂၇ ခုကိုလည်း ပျက်ပြယ်ကြောင်းကြေညာခဲ့တဲ့အပေါ် CTUM က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
စစ်အာဏာရှင်ဟာ CTUM ဗဟိုကော်မတီဝင်တွေကို ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားသလို ပြည်ပခရီးသွားလာခွင့်ကိုလည်း တားဆီးဖို့ မြန်မာသံရုံးတွေက သက်ဆိုင်ရာနိုင်ငံတွေကို အကြောင်းကြားစာတွေ ပေးပို့နေတယ်လို့ ဆိုပါတယ်။
ဒီလို နိုင်ငံကူးလက်မှတ် ပယ်ဖျက်ပြီး နိုင်ငံတကာ ခရီးသွားလာခွင့်ကို ပိတ်ပင်တာဟာ နိုင်ငံသား တယောက်ရဲ့ အခြေခံအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ CTUM က ထုတ်ပြန် ပြောပါတယ်။
ဒါ့အပြင် အခုလို ဖမ်းဆီးအရေးယူတာဟာ နိုင်ငံတကာ အလုပ်သမားသမဂ္ဂတွေနဲ့ အပြည်ပြည်ဆိုင်ရာဖိအားတွေကို တုံ့ပြန်ဖို့ CTUM ခေါင်းဆောင်တွေအပေါ် ဖိအားပေး နှိပ်ကွပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဝေဖန်ထားပါတယ်။
CTUM ကတော့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အလုပ်သမားအခွင့်အရေးတွေကို ဆက်လက်ကာကွယ်သွားမှာဖြစ်ပြီး ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ တဖက်မှာ ဒီမိုကရေစီစနစ်သွားမယ်လို့ မကြာခဏပြောနေပေမဲ့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေ၊ အသင်းအပင်းဖွဲ့စည်းခွင့်တွေကိုတော့ ပိတ်ပင်တားမြစ် အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။










