DVB Logo
Home
မြန်မာသတင်း
ပေါက်နှင့် မြိုင်ဒေသရှိ ပျူစောထီးကျေးရွာများကို PDF တပ်များ ဖိအားပေးတိုက်ခိုက်နေ
သုတချမ်းသာ
·
June 25, 2026
Photo : မြိုင်ပကဖ
Photo : မြိုင်ပကဖ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်နယ်မှာ  ဒေသကာကွယ်ရေးအဖွဲ့တွေက ဆက်တိုက်ထိုးစစ်ဆင် အသာစီးယူနေပြီး မကြာခင်လွတ်မြောက်နယ်မြေဖြစ်လာဖို့ မျှော်မှန်းတယ်လို့ ဒေသခံနိုင်ငံရေးသမားတွေက ပြောပါတယ်။

ပခုက္ကူခရိုင်ထဲက စစ်ကောင်စီစစ်ကြောင်းတွေ၊ စခန်းတွေနဲ့ ပျူစောထီးရွာတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက မေလကုန်ပိုင်းကစပြီး ဖိအားပေးတိုက်ခိုက်ခဲ့တာပါ။ 

မေ ၂၃ ရက်မှာ မြိုင်နယ်၊ သရက်ကန်ပျူစောထီးရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီး ဇွန် ၄ ရက်မှာ ပေါက်နယ်၊ ကုက္ကိုစုပျူရွာနဲ့ ပေါက်နယ်၊ ရေပြာရဲစခန်းကိုပါ ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။ 

အဲ့ဒီနောက်ပိုင်းမှာ ပခုက္ကူခရိုင်ထဲက ပေါက်၊ မြိုင်၊ ရေစကြို၊ ဆိပ်ဖြူ၊ ပခုက္ကူမြို့နယ်တွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၃ ရက်နေ့မှာ စစ်ကောင်စီရဲ့ Mi-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၁ စင်းကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့အထိ တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးယူထားတာ ဖြစ်ပါတယ်။

မကွေးဒေသခံနိုင်ငံရေးသမားတယောက်က “ပေါက်နယ်က အားမကောင်းတဲ့ ပျူစောထီးရွာလေးတွေကတော့ လုံးလုံးရွာပျက်သွားတဲ့သဘောတွေလည်း တွေ့ခဲ့ရတယ်၊ ပျက်ပြီးတော့မှ​ သာမန်ပြည်သူတွေကတော့ နီးစပ်ရာ ဆွေမျိုးသားချင်းရှိတဲ့ရွာတွေကို သွားပေါင်းပြီးတော့မှ ပျူတွေကတော့ သူတို့ အားကောင်းတဲ့ပျူရွာကိုရွှေ့ပြီးတော့မှ အဲ့ဒီလို သွား တဲ့ရွာတွေလည်းရှိတယ်၊ မြိုင်နယ်မှာ ပျူစောထီးရွာ သရက်ကန်က အင်အားအကောင်းဆုံးလို့ ပြောလို့ရတယ်၊ အင်အားနည်းတဲ့ရွာ ၃ ရွာလောက်တော့ ကျန်သေးတယ်၊ ပေါက်နယ်မှာလည်း အဓိကအမာခံ ပျူစောထီးရွာ ၄ ရွာလောက်တော့ ကျန်သေးတယ်၊ ပေါက်မြို့နယ်မှာတော့ အတိုက်မခံရသေးတဲ့ အသိမ်းမခံရသေးတဲ့ ပျူစောထီးရွာတွေကတော့ တော်တော်လေးကို ကြောက်အားလန့်အားတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့တော့ သတင်းတွေရတယ်၊ ပေါက်အနောက်ဘက်မှာရှိတဲ့ ကပစ ၂၄ ကနေလည်း ကာပစ်တွေပုံစံမျိုးနဲ့ ၁၀မိုင် ၁၅မိုင် အကွာအဝေးကရွာတွေကို လမ်းပြီးထုနေတယ်လို့ သိရတယ်ပေါ့၊ မြိုင်နယ်ရော ပေါက်နယ်ရော ပျူစောထီးရွာတွေ ရဲ့အခြေအနေကတော့ သူတို့ရဲ့စိတ်ဓာတ်ရေးရာအရရော လက်ရှိ မြေပြင်အနေအထားအရရော သူတို့ တော်တော်လေးကို အောက်ဆုံးကို ရောက်နေတယ်လို့ ပြောလို့ရပါတယ်။ မြေပြင်ရဲ့အနေအထားကလည်း တချို့သောပြဿနာလေးတွေရှိတာ သိရပေမဲ့ အဲဒီအခက်အခဲတွေကလည်း တော်လှန်ရေးစုဖွဲ့မှုကို ထိခိုက်တဲ့အဆင့်အထိ မရောက်ဘူးလို့ သုံးသပ်လို့ ရပါတယ်၊ သက်ဆိုင်ရာတာဝန်ရှိတဲ့ NUG ၊ MOD က ဇောင်းပေးပြီးတော့မှ ထောက်ပို့လုပ်ပေးမယ်ဆိုရင် ဒီဒေသက အမြန်ဆုံးလွတ်မြောက်လာတော့မယ်လို့တော့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

စစ်တပ်က မကွေးတိုင်းကနေတဆင့် ချင်းပြည်ဘက်ကို အင်အားသုံး ထိုးစစ်ဆင်ဖို့ ကြိုးစားတာကို အရှိန်လျှော့ချဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာကနေတဆင့် တစတစ အသာစီးယူနိုင်တဲ့အခြေအနေ ပိုကောင်းလာတာဖြစ်ပါတယ်။

မကွေးဒေသတွင်းကာကွယ်ရေးအဖွဲ့တွေကို အာရက္ခတပ်တော် (AA) က ဗျူဟာရေးရာပံ့ပိုး မှုတွေရှိခဲ့ပြီး မကွေးဒေသတွင်း တိုက်ပွဲအရှိန်တွေအရ ချင်းပြည်ဘက်ကို အင်အားသုံးဖို့ ကြိုးစားတဲ့ စစ်တပ်တွေကို အတိုင်းအတာတခုအထိ ဖိအားပြန်ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။

လက်ရှိ စည်းလုံးမှုကိုထိန်းပြီး ရှေ့ဆက်စခန်းသိမ်းအစီအစဉ်တွေ ရှိလာဦးမယ်လို့ မကွေးဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက သတင်းစကားပေးထားတာပါ။

အညာမြေတပ်ပေါင်းစု ကိုဘိုဘိုသန့်ဇင်က “ကျနော်တို့ ဒီဘက်ဇုန်တွေရဲ့ အခြေအနေကတော့ တော်လှန်ရေးဘက်က အောင်ပွဲတွေ ဆင့်ကာဆင့်ကာ ရလာတာမျိုးတွေ၊ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ရေနံမြေမှော်ထဲဘက်မှာ ဂျွိုင်ရိုကော်ပတာတစီးကို ပစ်ခတ်နိုင်ခဲ့တာ၊ အဲဒါလည်း မြိုင်နယ်ထဲမှာ၊ အခု ဒီဒုတိယအကြိမ်ကလည်း မြိုင်နယ်ထဲမှာဆိုတော့ စစ်ရေးအရဗျူဟာမြောက် အောင်မြင်မှုတွေလည်း ရလာတယ်ပေါ့၊ ဒီအောင်မြင်မှုတွေ ရလာဖို့ကလည်း ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေဘက်မှာ ကြိုတင်ပြင်ဆင်ရတာတွေ၊ တဖွဲ့နဲ့တဖွဲ့ နားလည်မှုတွေ ချိတ်ဆက်ရတာတွေ၊ ဗျူဟာမြောက် အစီအစဉ်ရေးဆွဲရတာတွေ ဒါမျိုးတွေကလည်း အများကြီးစကားပြောပြီးတော့ ဒီအောင်မြင်မှုတွေကို တော်လှန်ရေးတပ်ဖွဲ့အသီးသီးနဲ့အတူ ပြည်သူတွေပါ ခူးဆွတ်ရိတ်သိမ်းနိုင်တယ်၊ စစ်ကောင်စီဘက်က သူတို့ရဲ့ဆုံးရှုံးသွားတဲ့ ပျူစောထီးရွာတွေ၊ နယ်မြေတွေကို သူတို့လည်း အလွယ်တကူတော့ လက်လွှတ်မဲ့ အခြေအနေမျိုးတော့ မရှိဘူးပေါ့၊ ရအောင်တော့ သူတို့ ထိုးစစ်တွေပြန်ပြီးတော့ ပြင်ဆင်နေတဲ့ပုံစံမျိုးတော့ တွေ့ရတယ်၊ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့”လို့ ပြောပါတယ်။

ပေါက်နဲ့ မြိုင်နယ်တွေမှာ စစ်တပ်က ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တွေနဲ့ ပျူစောထီးရွာတွေကို ချိတ်ဆက်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ။

တော်လှန်ရေးအစောပိုင်းကာလကတည်းက မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်နယ်တွေကို စစ်ကောင်စီက ဖိအားပေး တိုက်ခိုက်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ ဒေသကာကွယ်ရေးအဖွဲ့တွေက စနစ်တကျ ပြန်တုံ့ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်ဟာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်နဲ့ နယ်မြေချင်း ထိစပ်နေတာဖြစ်တဲ့အတွက် စစ်အာဏာရှင်တပ်က အဆောတလျင် နယ်မြေထိန်းချုပ်နိုင်ဖို့ အလိုရှိနေတဲ့ဒေသလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013