
သာပေါင်းမြို့ စက္ကူပျော့ဖက်စက်ရုံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေ လစာအပြည့်မရ တာတွေ ရှိနေတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
CDM ပါဝင်ခဲ့လို့ လစာအပြည့်မရရှိတဲ့ ဝန်ထမ်းတွေကတော့ သာပေါင်း စက္ကူပျော့ဖက်စက်ရုံဖြစ်တဲ့ တန် ၂၀ စက်ရုံနဲ့ တန် ၆၀ စက်ရုံက ဝန်ထမ်း ၃၂ ဦးရှိတယ်လို့ သိရပါတယ်။
"စက်ရုံမှူးက စစ်တပ်က ပြောင်းလာတဲ့လူပါ၊ ဖိအားပေးတာမျိုးတွေလည်း ရှိတယ်၊ လစာထုတ်တော့လည်း CDM စပါတဲ့နေ့က စပြီး လစာမရတော့ဘူး၊ ပျက်တဲ့နေတွေကို ခွင့်လို့ရေးထားပြီး နေ့နဲ့တွက်ပြီး အကုန်နုတ်ယူထားလိုက်တာ လောလောဆယ် ခက်အခဲတော့ နည်းနည်းရှိလာတာပေါ့'' လို့ သာပေါင်းစက္ကူပျော့ဖက်စက်ရုံက CDM ပါဝင်သူ ဝန်ထမ်း ၁ ဦးက DVB ကို ပြောပါတယ်။
သာပေါင်းစက္ကူပျော့ဖက်စက်ရုံက ဝန်ထမ်း ၃၂ ဦးဟာ ဖေဖော်ဝါရီ ၆ ရက်နေ့က စတင်ကာ CDM မှာပါဝင်ခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂၆ ရက် လစာထုတ်ချိန်မှာ ၆ ရက်စာသာ ရရှိတယ်လို့ ဆိုပါတယ်။
CDM ပါဝင်ခဲ့လို့ လစာဖြတ်တောက်ခံရတဲ့ ဝန်ထမ်းတွေအတွက် ထောက်ပံ့တာတွေ ပြုလုပ်ပေးဖို့ စေတနာရှင်တွေကို ချိတ်ဆက်ပြီး ပြင်ဆင်နေပြီလို့ CDM ဝန်ထမ်းတွေကို ကူညီပေးနေတဲ့ အဖွဲ့ဝင်တွေက ပြောပါတယ်။
မင်းထက်မုန်း