DVB Logo
Home
မြန်မာသတင်း
ဖမ်းထားသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ပုသိမ် တိုင်းရဲရုံးကို ပြောင်းရွှေ့ချုပ်နှောင်၊ မိသားစုတွေ့ခွင့်မရ
DVB
·
February 26, 2021
ဖမ်းထားသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ပုသိမ် တိုင်းရဲရုံးကို ပြောင်းရွှေ့ချုပ်နှောင်၊ မိသားစုတွေ့ခွင့်မရ
1 / 5
Donate to DVB

စစ်တပ်ရဲ့အာဏာသိမ်းပြီး ၃ ရက်မြောက်နေ့မှာ အာဏာရှင်စနစ် အလိုမရှိကြောင်းစာရေးပြီး ဓာတ်ပုံရိုက်တင်ခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ကြံခင်းမြို့မရဲစခန်းကနေ ပုသိမ်မြို့ တိုင်းရဲရုံးကို ပြောင်းရွှေ့ချုပ်နှောင်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်ညီအစ်ကို ၂ ဦးကို မိသားစုနဲ့တွေ့ခွင်မပေးခဲ့ဘဲ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းက ကြံခင်းရဲစခန်းကနေ ပုသိမ်တိုင်းရဲရုံးက ဗဟိုကင်းအချုပ်ကို ရဲကားနဲ့သွားပို့ခဲ့တာလို့ ဖခင်ဖြစ်သူ ဦးသန့်စင်က DVB ကိုပြောပါတယ်။

သားဖြစ်တဲ့ ရဲ ၂ ဦးကို တွေ့ခွင့်ရဖို့အတွက် ဇနီးဖြစ်သူနဲ့အတူ ကြံခင်းကနေ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပုသိမ်မြို့က ရဲတိုင်းရုံးကို လိုက်လာခဲ့ပေမယ့် တိုင်းရဲရုံးကို ရောက်တဲ့အခါမှာ တာဝန်ရှိသူတွေက ရဲ ၂ ဦး မရှိတော့ဘူးလို့ ပြောဆိုပြီး ပြန်လွှတ်တာကိုသာ ခံခဲ့ရတယ်လို့ ပြောပါတယ်။

"စအဖမ်းခံရတဲ့နေ့ထဲက တွေ့ခွင့်တောင်းတာ စခန်းမှူးက တွေ့ခွင့်မပေးခဲ့ဘူး။ အချုပ်ပြောင်းဖို့ကိုလည်း ကြိုပြောတာမျိုးမရှိဘဲ ပြောင်းလိုက်တာ၊ တွေ့ဖို့ပြောတော့ လိုက်သွားရင် တွေ့ရနိုင်တယ် ပြောတယ်။ လိုက်လာတော့ ကျနော်သားတွေ မရှိတော့ဘူးလို့ ဒီက ပြန်ပြောတယ်။ အဆက်အသွယ်လုံးဝမရတော့ဘူး ဖြစ်နေပါတယ်'' လို့ ပြောပါတယ်။

သား ၂ ဦး အဖမ်းခံရတာနဲ့ပတ်သက်ပြီး အားလုံးလက်မခံတဲ့ အာဏာရှင်ကို ဆန့်ကျင်လို့ အဖမ်းခံရတာဖြစ်တဲ့အတွက် အမြဲဂုဏ်ယူနေမှမယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူကတော့ ဖမ်းဆီးခံ သား ၂ ယောက်အတွက် ချက်ပြုတ်ပြီး စားစရာဟင်းတွေ ယူဆောင်လာပေမယ့် တွေ့ခွင့်မရ၊ ပေးခွင့်မရတဲ့အပေါ် စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောပါတယ်။

"စခန်းမှူးကို မေးတော့ အကြီးကောင်က ထွက်စာတင်တာကြောင့်လို့ပြောတယ်။ ဒါဆို အငယ်ကောင်က ထွက်စာမတင်ဘဲ ဘာလို့ ဖမ်းတာလဲ မေးတော့ ရဲစည်းကမ်းဥပဒေအရလုပ်တယ်လို့ သဘောထားလိုက်တဲ့ အဲ့လိုလုပ်လို့ပြောတယ်။ အန်တီတို့ကတော့ အာဏာရှင်ကို ခုလည်း လက်ခံမှာ မဟုတ်သလို နောက်လည်း လက်ခံမှာမဟုတ်ဘူး၊ ဘယ်တော့မှလည်း ဒူးထောက်မှမဟုတ်ဘူး။” 

စစ်အာဏာရှင်အား ဆန့်ကျင်ခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ သား ၂ ယောက်ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တွေ့ခွင့်ရရင်ချင်ပြီး ခုလို အဆက်အသွယ်ဖြတ်ခံထားရတော့ အသက်အန္တရာယ်အတွက် စိတ်ပူမိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင် သား ၂ ယောက်ကို ပြန်လွှတ်ပေးဖို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရဲစခန်းရှေ့မှာ ဖခင်ဖြစ်သူက ဆန္ဒပြခဲ့သေးတယ်လို့ သိရပါတယ်။

ရဲတပ်သား သူရိန်လင်းနဲ့ ရဲဒုတပ်ကြပ် တာရာလင်းတို့ဖြစ်ပြီး ၂ ဦးလုံးဟာ ပြည်သူကိုအလုပ်အကြွေးပြုဖို့ရဲထဲဝင်တာဖြစ်ပြီး အာဏာရှင်ကို အလုပ်အကျွေးပြုဖို့ ရဲထဲဝင်တာမဟုတ်သလို အာဏာရှင်ရဲ့ဖိနှိပ်မှုကို ပြည်သူဘက်က ကာကွယ်စောင့်ရှောက်မယ်ဆိုပြီး လူမှုကွန်ရက်ပေါ် စာရေးတင်တာကြောင့် အဖမ်းခံခဲ့တာလို့ သိရပါတယ်။

သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ်ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့ ဖောင်တင်ထားသူလည်း ဖြစ်ပါတယ်။

ကြံခင်းမြို့မ ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။

မင်းထက်မုန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013