
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်က ကျေးရွာ ၁၀ ရွာလောက်မှာ ဩဂုတ် ၆ ရက် မနက်ပိုင်းကစပြီး ရေကြီး၊ ရေလျှံလို့ ဒေသခံပြည်သူ ထောင်ချီ ရေဘေးဒုက္ခ ရောက်နေကြတယ်လို့ လူမှုကူညီနေသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
မြေပုံမြို့နယ်ရှိ စညှင်း၊ ရက်ချောင်း၊ လေးတောင်၊ လမ်းမတော်စု၊ ကယုချောင်း စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာလောက်မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ အတူ တောင်ကျရေတွေ များပြားလာတာပါ။
ဒါကြောင့် ကျေးရွာတွင်းတွေအထိ ရေကြီး၊ ရေလျှံနေတာဖြစ်ပြီး ဒေသခံတွေ ထောင်နဲ့ချီ ရေဘေးဒဏ်ကို ရင်ဆိုင်နေကြရတာလို့ မြေပုံမြို့နယ်က အမျိုးသားတယောက်က ပြောပါတယ်။
“မိုးက အရမ်းကြီးတော့ ရိုးဘက်က တောင်ကျရေတွေက ဒလဟော ဆင်းလာတာ။ ရေကြီးနေတဲ့ ရွာတွေက မင်းပြား-အမ်း လမ်းပိုင်းက ရွာတွေမှာ တောင်ကျရေတွေ များလာတော့ ရေကြီးမှု ဖြစ်နေတာ။ လောလောဆယ်အထိတော့ လူတွေ အန္တရာယ်ဖြစ်လောက်တဲ့ အထိတော့ မရှိသေးဘူး။ ဒါပေမဲ့ မိုးက ဆက်လက်ရွာသွန်းနေဦးမယ် ဆိုရင်တော့ အခြေအနေက စောင့်ကြည့်ရဦးမယ်။”
မြေပုံမြို့နယ်မှာ ဇူလိုင်လကုန်ပိုင်းကတည်းက မိုးအဆက်မပြတ် နေ့စဉ်နေ့တိုင်း ရွာသွန်းနေပြီး ဩဂုတ် ၆ ရက် မနက်ပိုင်းမှာ တောင်ကျရေတွေနဲ့အတူ ကျေးရွာတချို့မှာ ရေကြီးနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ရေဘေးသင့်ကျေးရွာတွေရှိ မြေနိမ့်ပိုင်းက ပြည်သူတချို့ ကုန်မြင့်ပိုင်းကို ရွှေ့ပြောင်းနေကြသလို စားသောက်ကြဖို့အတွက်လည်း ကျေးရွာသားတွေက ဝိုင်းဝန်းပြီး ကူညီနေတယ်လို့ ဒေသံတွေဆီက သိရပါတယ်။
လက်ရှိမှာ မင်းပြား-အမ်းလမ်းပိုင်းက မြေပုံမြို့နယ်က ရက်ချောင်းအုပ်စု၊ စညှင်းအုပ်စုတို့က ကျေးရွာ ၁၀ ရွာထက်နည်းမှာ ရေဘေးဒဏ်ကို ရင်ဆိုင်နေရပြီး လယ်ယာနဲ့ စိုက်ခင်းတချို့ ထိခိုက်ပျက်စီးနိုင်တယ်လို့ နောက်ထပ် ဒေသခံ အမျိုသားတယောက်က ပြောပါတယ်။
“လက်ရှိ ရေကြီးမှုက မိုးကြီးလို့ တောင်ကျရေတွေနဲ့ ကြီးနေတာ။ ရက်ချောင်းရွာမှာတော့ အိမ်တချို့ ပျက်စီးမှုရှိတယ်လို့တော့ ကြားတယ်။ ရက်တာရှည်သာ ရေကြီးမှုဖြစ်နေမယ် ဆိုရင်တော့ လယ်ယာတွေနဲ့ တောင်ယာစိုက်ခင်းတချို့ ပျက်စီးမှုတော့ ရှိနိုင်တယ်။ လောလောဆယ်ကတော့ အတိအကျပြောလို့ မရသေးဘူး။ မိုးသာ ရွာသွန်းတာ အားနည်းသွားမယ်ဆိုရင် ရေက ပြန်ကျသွားနိုင်ပါတယ်။”
အခု ရေကြီးမှုဖြစ်ပွားနေတဲ့ မင်းပြား-အမ်းလမ်းပိုင်းက ကျေးရွာတွေဟာ တောင်ယာလုပ်ငန်းနဲ့ အဓိကလုပ်ကိုင်ကြတဲ့ ကျေးရွာတွေလို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် အစောပိုင်းကလည်း ရခိုင်ပြည်နယ်က မြောက်ဦး၊ ကျောက်တော်၊ မင်းပြား အပါအဝင် မြို့နယ် ၁၁ ခုမှာ တပတ်ကြာ ရေကြီး၊ ရေလျှံခဲ့လို့ လူဦးရေ သိန်းနဲ့ချီ ရေဘေးဒဏ်သင့်ခဲ့သလို သောက်ရေကန်တွေ၊ လယ်ဧက အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။










