DVB Logo
Home
Lead Story
အာဏာရှင်တို့ သေတာတောင် အသေဆိုးနဲ့ပါကလား
DVB
·
February 24, 2021
အာဏာရှင်တို့ သေတာတောင် အသေဆိုးနဲ့ပါကလား
Donate to DVB

မူဆိုလိုနီအကြောင်း ရေးဖို့ပြင်တော့ ဟစ်တာလာအကြောင်းက မပါမဖြစ်ပေါ့။ မူဆိုလိုနီကို ဟစ်တာက အကူအညီ အထောက်အပံ့ပြုတဲ့အကြောင်း ပြောဖို့ပြင်တော့လည်း တရုပ်က ဝမ်ယိနဲ့ ဗမာစစ်ခေါင်းဆောင်တွေအကြောင်း ခေါင်းထဲ ရောက်လာတယ်။ မြန်မာပြည်သူတွေကတော့ ‘အာဏာလုစစ်အုပ်စု’ရဲ့ အထောက်အပံ့ဟာ တရုတ်ပဲလို့ တထစ်ချမှတ်ယူထားဆဲပါ။

တရုတ်ကလည်း တရုတ်ပဲကိုး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အာဏာသိမ်းစစ်အုပ်စုလို့ အမည်တပ်တာတောင်မခံဘဲ ပယ်ချခဲ့တာကို မြန်မာပြည်သူတွေက သိနေတာလေ။ ဒါဟာ တရုတ်ပြည်နဲ့ မြန်မာပြည်ရဲ့ အနာဂတ် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါလာနိုင်တဲ့ အချက်တခုပါပဲ။ ထားပါလေ၊ အခုပြောချင်တာက မူဆိုလိုနီ အသေဆိုးနဲ့သေတဲ့အကြောင်းလေးပါ။

၁၉၄၄ ဇွန်လပိုင်းထဲမှာတော့ ရောမမြို့ကြီးဟာ မဟာမိတ်တို့လက်အောက် ကျရောက်သွားခဲ့ပြီ။ အီတလီနိုင်ငံထဲမှာလည်း မူဆိုလိုနီကို ဆန့်ကျင်တဲ့ ‘ပြည်သူ့ဘက်တော်သားများအဖွဲ့ကလည်း တနိုင်ငံလုံးကို ဖြန့်ကြက်ထားတယ်။ မူဆိုလိုနီ ရှောင်တိမ်းဖို့ ဟစ်တလာတပ်က ကယ်ထုတ်တယ်။ မကြာမီ မီလန်မြို့လည်း မဟာမိတ်လက်ထဲ ကျဆင်းသွားပြီ။ ဟစ်တလာတပ်က မူဆိုလိုနီကို ခိုးထုတ် ကယ်ခဲ့ပေမဲ့ ‘ပြည်သူဘက်တော်သားအဖွဲ့’က ဖမ်းဆီးနိုင်လိုက်တယ်။ မူဆိုလိုနီ ကယ်ရာမဲ့ပြီ။

ပြည်သူ့ဘက်တော်သားဌာနချုပ်မှာရှိတဲ့ ကွန်မြူနစ်တွေက မူဆိုလိုနီကို အသေလိုချင်တယ်။ မဟာမိတ်အနောက်အုပ်စုက အရှင်လိုချင်တယ်။ မူဆိုလိုနီရဲ့ သေရေးရှင်ရေးဟာ ဘယ်အဖွဲ့လက်ထဲ မူဆိလိုနီ ရောက်ရှိမလဲဆိုတာအပေါ်မှာ မူတည်နေတယ်။ ကွန်မြူနစ်တွေကတော့ “ဘင်နီတို မူဆိုလီနီ... သေဒဏ်”ကလာရက်တာပီတက်စီ သေဒဏ်”(မူဆိုလိုနီရဲ့ မယားငယ်) ဆိုပြီး မင်အနက်နဲ့ ကြက်ခြေခတ်ပြီး ထုတ်ပြန်လိုက်တယ်။

မူဆိုလိုနီကတော့ အဲဒီအချိန်မှာ တောင်ခြေက လယ်တောအိမ်လေးထဲမှာ အထိန်းသိမ်းခံထားရတယ်။ ထိန်သိမ်းထားသူတွေက ‘ဒေါင်ဂိုမြို့’ကို ခေါ်ဆောင်ပြီး ‘စင်ပြိုင်အစိုးရ’သဖွယ် ဖြစ်နေတဲ့ ‘ရဲဘော်အော်ဒီဆီယို’လက်ထဲ အပ်ဖို့ပါပဲ။ တကယ်တော့ ဖီးယက်ကားလေးထဲမှာ အော်ဒီဆီယို ပါလာခဲ့တာကို မသိလိုက်ကြဘူး။ အောဒီဆီယိုက ခေါင်းဆောင်ကြီး မူဆိုလိုနီကို နှုတ်ဆက်ရင်း သူ့ကားနဲ့ သယ်ဆောင်လာခဲ့တာ။ တနေရာအရောက်မှာတော့ အော်ဒီဆီယိုက မူဆိုလိုနီနဲ့ သူ့မယားငယ်ကို ကားပေါ်က အဆင်းခိုင်းပြီး ပစ်သတ်လိုက်ပါတော့တယ်။  

အော်ဒီဆီယိုနဲ့အဖွဲ့ဟာ အလောင်းတွေကို မီလန်မြို့ ‘ပီယာဇေလီလိုရက်တို’ပန်းခြံထဲအထိ သယ်ယူထားပေးလိုက်တယ်။ မီလန်မြို့သူမြို့သားတွေဟာ ပန်းခြံထဲ ရောက်လာကြတယ်။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ မူဆိုလိုနီရဲ့ ဦးခေါင်းကို ခြေထောက်နဲ့ကန်သူကကန်။ တံတွေးနဲ့ ဝိုင်းထွေးသူကထွေး။ မူဆိုလိုနီကြောင့် သူ့သား ၅ ယောက် သေဆုံးခဲ့ရတဲ့ မိခင်ဖြစ်သူကလည်း မူဆိုလိုနီအလောင်းကို သေနတ်နဲ့ ငါးချက်တိတိ ပစ်ခတ် လက်စားချေလိုက်တယ်။ မူဆိုလိုနီရဲ့ အင်္ကျီစကို ဆွဲဖြဲပြီး မူဆိုလိုနီပါးစပ်ထဲ ထိုးထည့်သူက ထည့်ပေါ့။ နှစ်များစွာ မျိုသိပ်ခဲ့ရတဲ့ လူအုပ်ကြီးဟာ အလောင်းကောင်ပေါ် တက်နင်းသူကနင်း၊ ဖနောင့်နဲ့ ပေါက်သူပေါက်။ အော်ဟစ်ဆဲသူဆဲ။

မီလံဘုရားကျောင်းရဲ့ ခေါင်းလောင်းထိုးနေသံကလည်း မစဲတော့ဘူး။ ရဲတွေကတော့ သေနတ်ပစ်ဖောက်၊ မီးသတ်ပိုက်နဲ့ထိုးပြီး လူစုခွဲပေမယ့် လူစုက ပြိုကွဲမသွားခဲ့ဘဲ ထပ်လို့တိုးလာပြန်တယ်။ အနှစ်နှစ်အလလက မျိုသိပ်ခံစားခဲ့ရတဲ့ လူထုဒေါသကို မတားဆီးနိုင်ခဲ့ပါဘူး။

အဲဒီအချိန်မှာတော့ မူဆိုလိုနီရဲ့ ခေါင်းကိုင်ကြီး ဟစ်တလာဟာလည်း ဘာလင်မြို့ရဲ့ မြေအောက် ဗုံးခိုကျင်းထဲကနေ သေဖို့ပြင်ဆင်နေပါပြီ။ မူဆိုလိုနီအပေါ် လူထုလက်စားချေ ဒေါသကို ကြားလိုက်ရတဲ့ ဟစ်တလာဟာ သူ့အလောင်းကို ဖျောက်ဖျက်ပစ်ဖို့ စနစ်တကျ စီစဉ်နေပါတော့တယ်။

အင်္ဂလန်မှာတော့ ချာချီက “လူစိတ်ကင်းတဲ့ သတ္တဝါတကောင်တော့ သေသွားပြီဟေ့..”တဲ့ ဗိုလ်ချုပ်ကြီး မက်ခ်ကလည်း “နောက်ဆုံးတော့ ပြည်သူတွေက သူ့ကို အမုန်းကြီး မုန်းခဲ့ကြတာပဲ”တဲ့ ဗိုလ်ချုပ်ပြီး အိုင်စင်ဟောင်ဟွာကလည်း “ဘုရား..ဘုရား…သေတာတောင် အသေဆိုးနဲ့ပါလား”တဲ့။

ကဲ… ပြည်သူ့မေတ္တာကင်းမဲ့လာရင် အာဏာရှင်ဟာ “သေတာတောင် အသေဆိုးနဲ့ပါလား” ဆိုတာ သတိသံဝေဂယူနိုင်ဖို့ ရေးသားတင်ပြလိုက်ရပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013