ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို နီပေါဘက်ခြမ်းကနေ တရက်အတွင်း တက်ရောက်နိုင်သူ အရေအတွက်ဟာ စံချိန်တင် များပြားခဲ့ကြောင်း မေ ၂၁ ရက်မှာ တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်အရ သိရပါတယ်။
မေ ၂၀ ရက်မှာ ၈,၈၄၉ မီတာအထိ မြင့်မားတဲ့ တောင်ထိပ်ကို တောင်တက်သမား ၂၇၅ ယောက်လောက် ရောက်လာခဲ့တယ်ဆိုပြီး နီပေါခရီးသွားလာရေးဌာနက ထုတ်ပြန်ထားပါတယ်။
အခုလိုမျိုး ဧ၀ရတ်တောင်ကို နီပေါနိုင်ငံရဲ့ တောင်ဘက်ခြမ်းကနေရော တရုတ်နိုင်ငံရဲ့ မြောက်ဘက်ခြမ်းကနေပါ တက်ရောက်နိုင်ပေမဲ့လည်း အခုနှစ်မှာတော့ ပေကျင်းအာဏာပိုင်တွေက တိဘက်လမ်းကြောင်းကို ပိတ်ချထားပါတယ်။
၂၀၂၃ ခုနှစ်မှာ နီပေါနဲ့ တရုတ် နှစ်ဖက်စလုံးကနေ တရက်အတွင်း တောင်ထိပ်ရောက်ခဲ့တဲ့ တောင်တက်သမားတွေဟာ ဒီထက်ပိုပြီးများတယ် ဆိုပေမဲ့လည်း အရေအတွက် အတိအကျကိုတော့ မဖော်ပြထားပါဘူး။
လွန်ခဲ့တဲ့လမှာ နွေဦးတောင်တက်ရာသီ စတင်ပြီးချိန်ကတည်းက တောင်တက်သမားတွေနဲ့ အကူအညီပေးရေးဝန်ထမ်း အားလုံးပေါင်းလိုက်ရင် တောင်ထိပ်ကို အယောက် ၆၀၀ ဝန်းကျင် ရောက်ခဲ့ပြီးပြီ ဖြစ်ပါတယ်။
ဒီနှစ်ရာသီအတွက် နီပေါနိုင်ငံဟာ တောင်တက်ခွင့်ပြုမိန့် စုစုပေါင်း ၄၉၂ ခုအထိ စံချိန်တင် ထုတ်ပေးထားသလို တောင်ခြေမှာလည်း တဲတွေအများကြီးနဲ့ စခန်းချထားတဲ့အတွက် မြို့တခုလိုမျိုး ဖြစ်နေပါတယ်။
၁၉၅၃ ခုနှစ်တုန်းက ဧဝရတ်တောင်ထိပ်ကို ပထမဆုံး အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီးနောက် နီပေါနိုင်ငံအတွက် အရေးပါတဲ့ စီးပွားရေးလုပ်ငန်းတခု ဖြစ်လာခဲ့ပါတယ်။
အလားတူ ဘီယန်ကာ အက်ဒ်လာ အမည်ရ ၁၈ နှစ်အရွယ် ဆယ်ကျော်သက် မိန်ကလေးဟာ ဧ၀ရတ်တောင်ထိပ် ရောက်ရှိခဲ့တဲ့ အသက်အငယ်ဆုံး သြစတြေးလျနိုင်ငံသား ဖြစ်လာခဲ့ပါတယ်။
လက်ရှိ တောင်တက်ရာသီဟာ ဇွန်လ ပထမအပတ်လောက်မှာ ပြီးဆုံးဖို့ရှိတဲ့အပြင် တကယ်လို့သာ ရာသီဥတု ဆိုးရွားလာခဲ့ရင် အချိန်ပိုပြီး တိုတောင်းနိုင်ပါတယ်။
Source: Reuters











