DVB Logo
Home
ဘောလုံး
ဟေတီကို နိုင်ပြီး ဘရာဇီးလ်အသင်း အုပ်စု (C) ကို ဦးဆောင်
DVB
·
June 20, 2026
Photo: Reuters
Photo: Reuters
Donate to DVB

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (C) ပွဲစဉ်အဖြစ် ဘရာဇီးလ်အသင်းနဲ့ ဟေတီအသင်းတို့ အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်၊    ဖီလာဒဲလ်ဖီးယားမြို့မှာ ဒေသအချိန် ဇွန် ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ဘရာဇီးလ်အသင်းက ဟေတီအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွား ပါတယ်။ 

ဘရာဇီးလ်အတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာတင် မန်ချက်စတာ ယူနိုက်တက် ရှေ့တန်းတိုက်စစ်မှူး  မက်သီးယပ်စ် ကွန်ညာက ၂ ဂိုးနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဗင်နီစီးယပ်စ် ဂျူနီယာက ၁ ဂိုး သွင်းယူပေးခဲ့တာပါ။

ဒီပွဲစဉ်မှာ အသက် ၁၈ နှစ်အရွယ် ဘရာဇီးလူငယ်ကြယ်ပွင့်  အန်းဒရစ်က ကမ္ဘာ့ဖလားပွဲဦးထွက် ကစားခွင့်ရခဲ့ပေမဲ့ ဝါရင့်ကစားသမား နေမာ ကတော့ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် မပါဝင်နိုင်သေးပါဘူး။ တောင်ပံကစားသမား ရာဖင်ညာကတော့ ပေါင်ခြံဒဏ်ရာကြောင့် ပထမပိုင်းမှာတင် လူစားလဲခဲ့ရပါတယ်။

ဒီပွဲမှာ ရာဖင်ညာနဲ့ အန်းဒရစ်တို့ တဂိုးစီသွင်းခဲ့ပေမဲ့  ဒိုင်က လူကျွံဘောအဖြစ်သတ်မှတ်ခဲ့ပြီး ဂိုးအဖြစ် အသိအမှတ်မပြုဘဲ ပယ်ဖျက်ခံခဲ့ရပါတယ်။ 

ဒီနိုင်ပွဲကြောင့် ဘရာဇီးလ်အသင်းဟာ ဂိုးကွာခြားချက်အသာနဲ့ အုပ်စုထိပ်ဆုံးကို ရောက်ရှိလာပြီး လာမဲ့ ဗုဒ္ဓဟူးနေ့မှာ စကော့တလန်နဲ့ ဆက်ကစားရမှာပါ။

ဟေတီအသင်းကတော့ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ပထမဆုံး ထွက်ခွာရတဲ့အသင်း ဖြစ်လာပါတယ်။

နည်းပြ အန်ဆလော့တီရဲ့ ဘရာဇီးအသင်းဟာ မော်ရိုကိုနဲ့ ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ သရေကျခဲ့လို့ ဝေဖန်ခံခဲ့ရပြီးနောက် ဒီနေ့ပွဲစဉ်မှာတော့ ခြေစွမ်းကောင်းပြပြီး အုပ်စု (C) မှာ ရမှတ် ၄ မှတ်နဲ့ ထိပ်ဆုံးနေရာသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ ဟေတီနောက်ခံလူ ဟန်းနက်စ် ဒဲလ်ခရွားက ဘောလုံးကို ကန်ထုတ်ရာမှ ကူညာနဲ့ ထိမှန်ကာ ဂိုးဝင်သွားခဲ့လို့ ဘရာဇီးအသင်း ဦးဆောင်ဂိုးရသွားခဲ့ပါတယ်။

ကူညာရဲ့  ဒုတိယမြောက် သွင်းဂိုးကတော့ ပွဲချိန် ၃၆ မိနစ်မှာ  ဗီနီစီးယပ်စ် ဂျူနီယာရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ထောင့်ဖြတ်အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီနောက် ပထမပိုင်း နာကျင်အချိန်ပိုမှာ ဝက်စ်ဟမ်းကွင်းလယ်လူဟောင်း လူကပ်စ် ပါကေတာရဲ့ အကွက်မြင်မြင် ကျော်ပေးလိုက်တဲ့ ဘောလုံးမှကနေတဆင့် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗီနီစီးယပ်စ် ဂျူနီယာက ဂိုးသမားကို ကျော်ဖြတ်ကာ ဘရာဇီးအတွက် တတိယမြောက်ဂိုးကို သွင်းပေးခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဟေတီအသင်းမှ ရီကာဒို အာဒီက ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက် ဂိုးသွင်းဖို့ ကြိုးပမ်းမှုကို ဘရာဇီးဂိုးသမား အလစ်ဆန်က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

ဘာရာဇီးအသင်းဟာ ပထမပိုင်းမှာ ဂိုးတွေသွင်းခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ဘရာဇီးကစားကွက်မှာ အလွန်အေးစက်သွားခဲ့ပြီး ဂိုးပေါက်တည့်ကန်ချက် တကြိမ်တောင် မရရှိခဲ့ပါဘူး။ ဟေတီအသင်း ကတော့ ဒုတိယပိုင်းမှာ ဘရာဇီးအသင်းထက် ၇ ကြိမ်အထိ ဂိုးပေါက်ကို ပိုမိုကန်သွင်းနိုင်ခဲ့ပါတယ်။

ဘရာဇီးအသင်းဟာ ဂိုးကွာခြားချက်နဲ့ မော်ရိုကိုအသင်းကို ဖြတ်ကျော်ကာ အုပ်စု ( C )  ပထမနေရာမှာ ရှိနေပြီးလာမဲ့ ဗုဒ္ဓဟူးနေ့ စကော့တလန်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Source: SkySports/ BBC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013