
ယူဂန်ဒါနိုင်ငံ မြို့တော် ကမ်ပါလာက မူကြိုကျောင်းတခုမှာ ဧပြီ ၂ ရက်က ကျောင်းသားမိဘ ဟန်ဆောင်ထားတဲ့ အမျိုးသားတယောက်က ကလေး ၄ ယောက်ကို ဓားနဲ့ ထိုးသတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တိုက်ခိုက်သူဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ကျောင်းကိုလာပြီး ကလေးကျောင်းအပ်ဖို့ လာစုံစမ်းခဲ့ဖူးတယ်လို့ ကမ်ပါလာမြို့တော်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရေချယ် ကာဝလာက ပြောပါတယ်။
အဲဒီလူဟာ ကျောင်းကလာခဲ့ဖို့ မှာထားတဲ့နေ့မှာ ထပ်ရောက်လာပြီး ကျောင်းအပ်ခ ပေးသွင်းခဲ့ကြောင်း၊ အဲဒီနောက်မှာမှ ကျောင်းဝင်းထဲမှာ ကစားနေတဲ့ ကလေးတွေကို ဓားနဲ့ လိုက်ထိုးခဲ့တာလို့ ဆိုပါတယ်။
ထိခိုက်သေဆုံးသွားရတဲ့ ကလေး ၄ ယောက်ဟာ အားလုံး မူကြိုတက်နေတဲ့ ကလေးငယ်တွေ ဖြစ်ပြီး ယောကျ်ားလေး ၃ ယောက်နဲ့ မိန်းကလေးတယောက် ဖြစ်ပါတယ်။
ကလေးတယောက်ကတော့ အခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တာဖြစ်ပြီး ကျန်တဲ့ ၃ ယောက်ကတော့ ဆေးရုံကို အရေးပေါ် ပို့ဆောင်နေတုန်း လမ်းမှာတင် အသက်ဆုံးပါးသွားခဲ့တာပါ။
တရားခံဟာ ကလေးတွေကို တိုက်ခိုက်ပြီးနောက် ချက်ချင်း ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကို အနီးအနားက ဘိုဒါဘိုဒါ ဆိုင်ကယ်တက္ကစီမောင်းသူတွေက ဝိုင်းဖမ်းဆီးပြီး ကျောင်းထဲကို ပြန်ခေါ်လာတာပါ။
လောလောဆယ် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာမှာပဲ ထိန်းသိမ်းထားပြီး ဘာကြောင့် အခုလို လုပ်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ချက်ချင်း မသိရသေးပါဘူး။
ယူဂန်ဒါနိုင်ငံက ကျောင်းတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုက အလွန်ရှားရှားပါးပါးဖြစ်ပြီး အခုဖြစ်ရပ်ကြောင့် အထူးသဖြင့် ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ရတဲ့ ပညာရေးအဖွဲ့အစည်းတွေမှာ လုံခြုံရေးကို ပိုမိုတင်းကျပ်ဖို့ တောင်းဆိုမှုတွေ ပြန်လည် မြင့်တက်လာပါတယ်။
Source: Reuters










