
တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့က စူပါမားကက်တခုမှာ အောက်တိုဘာ ၁၃ ရက်က ဓားထိုးမှု ဖြစ်ပွားခဲ့လို့ လူ ၈ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက တယောက်ဟာ နှလုံးရပ်တန့်သွားတဲ့အထိ စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အခင်းဖြစ်ပွားရာကို ရောက်ရှိလာတဲ့ ရဲအရာရှိတွေဟာ သံသယရှိသူ အမျိုးသားတယောက်ကို ဖမ်းဆီးခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းနဲ့ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေး နေတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။
သံသယရှိသူဟာ လက်နှစ်ဖက်စလုံးမှာ ဓားတွေကို ကြိုးနဲ့ စည်းနှောင်ထားပြီး ဈေးဝယ်စင်တာရဲ့ အထပ်ပေါင်းများစွာကို သွားရောက်ကာ တွေ့သမျှလူတွေကို လိုက်လံတိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာမှ အနီးနားက လမ်းသွားလမ်းလာတွေက ဝိုင်းဝန်းထိန်းချုပ်ကာ ရဲတပ်ဖွဲ့ဆီ လွှဲပြောင်း ပေးခဲ့တာလို့ မျက်မြင်သက်သေတယောက်ရဲ့ ပြောဆိုချက်ကို ယွန်ဟပ်သတင်းဌာနက ကိုးကား ဖော်ပြပါတယ်။
တောင်ကိုရီးယား သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သံသယရှိသူဟာ ခြေချင်းဝတ်မှာ လျှပ်စစ်စောင့်ကြည့်ရေးကိရိယာ တပ်ဆင်ထားတဲ့ အသက် ၆၀ အရွယ် အမျိုးသားတယောက် ဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေထဲမှာ အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၂ ယောက် ပါဝင်ပြီး အသက် ၂၀ အရွယ် အမျိုးသမီးတယောက်ကတော့ နှလုံးရပ်တန့်သွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လူသေဆုံးမှုတွေအထိ ဖြစ်ပွားစေခဲ့တဲ့ ဓားထိုး ရမ်းကားမှုတွေကြောင့် ၂၀၂၃ ခုနှစ်ကလည်း တနိုင်ငံလုံး တုန်လှုပ် ချောက်ချားခဲ့ရဖူးပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း အနောက်တောင်ပိုင်း ဂွမ်ဂျူးမြို့မှာ အသက် ၂၀ ကျော်အရွယ် အမျိုးသား တယောက်ရဲ့ ဓားထိုးမှုကြောင့် အသက် ၁၇ နှစ်အရွယ် ကျောင်းသူတယောက် သေဆုံးခဲ့ပြီး နောက်ထပ် ဆယ်ကျော်သက်တယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
Source: Reuters











