
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေတဲ့ တာဝန်ရှိသူတွေနဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဩဂုတ် ၈ ရက် ညနေပိုင်းက တိုကျိုမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက စီစဉ်တာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF)က ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်၊ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ KNU နိုင်ငံခြားရေးရာက စောနိမ်ရော့ဒ်၊ KNPP နိုင်ငံခြားရေးရာက နေးနဲပလိုနဲ့ NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းတို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ တာဝန်ရှိသူတွေက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးနဲ့ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြောကြားခဲ့ကြပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း သိရှိလိုတာတွေကိုမေးမြန်းသလို အမြင်နဲ့ အကြံပြုချက်တွေကို တိုက်ရိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
SCEF ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဓိကပါဝင်ပြီး ၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
SCEF ကိုယ်စားလှယ်တွေဟာ ဂျပန်နိုင်ငံသို့ရောက်နေတုန်း သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။










