DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာ နေရပ်စွန့်ခွာသူများအတွက် EU က ယူရို ၁၅ သန်း ထောက်ပံ့ကူညီမည်
DVB
·
April 23, 2026
Photo : DVB
Photo : DVB
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာ နေရပ်စွန့်ခွာသူတွေအတွက် ဥရောပသမဂ္ဂ (EU) က ယူရို ၁၅ သန်း ထောက်ပံ့ကူညီသွားမယ်လို့ Khaosod English သတင်းမှာ ဧပြီ ၂၂ ရက်က ဖော်ပြပါတယ်။

ဒီအစီအစဥ်ဟာ ထိုင်းနိုင်ငံက မြန်မာ နေရပ်စွန့်ခွာသူတွေ ကိုယ့်အားကိုယ်ကိုးနိုင်မှုနဲ့ လူမှုအသိုက်အဝန်းအတွင်း ပါဝင်လာနိုင်မှုတို့ကို အဓိကထားပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို ပံ့ပိုးပေးနိုင်ဖို့အတွက် ရည်ရွယ်တာလို့ ဆိုပါတယ်။

ဒီသဘောတူညီချက်ကိုတော့ ထိုင်းနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး လူဝီဆာ ရာဂါက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ အပြည် ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) တို့ ဦးဆောင်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်မှတ်ရေးထိုးခဲ့ကြတာလို့ ဆိုပါတယ်။

စီမံကိန်းအရ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနာဘူရီနဲ့ ရာ့တ်ချ်ဘူရီ ခရိုင်တွေထဲက ယာယီခိုလှုံရာစခန်း ၉ ခုက နေရပ်စွန့်ခွာသူတွေအပြင် တာ့ခ်ခရိုင်ထဲက စခန်းပြင်ပ နေထိုင်နေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကိုပါ ထောက်ပံ့ပေးသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါက ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ အားကောင်းစေဖို့၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကို မြှင့်တင်ဖို့နဲ့ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေ တိုးချဲ့ဖို့ ရည်ရွယ်ပြီး တဖက်မှာလည်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ထိုင်းအာဏာပိုင်တွေကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး လူဝီဆာ ရာဂါက အီးယူအနေနဲ့ အားလုံးပါ ဝင်နိုင်ပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို ဖော်ဆောင်ရာမှာ ထိုင်းနိုင်ငံကို ကူညီဖို့ ဆက်လက်ကတိပြုထားကြောင်းနဲ့ ဒီအစီအစဉ်က နေရပ်စွန့်ခွာသူတွေကို ကိုယ့်အားကိုယ်ကိုးနိုင်စေဖို့နဲ့ လူ့အဖွဲ့အစည်းအတွက် တက်ကြွစွာ အကျိုးပြုနိုင်သူတွေ ဖြစ်လာစေဖို့ စွမ်းဆောင်ရည်မြှင့်တင်ပေးသွားမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဌာန ညွှန်ကြားရေးမှူးချုပ် ပင်ဆူဒါ ဂျာယာနာမာကလည်း ၂၀၂၆-၂၀၂၈ ခုနှစ်အတွက် ရန်ပုံငွေ ကို ယူရို ၁၂ သန်းမှ ၁၅ သန်းအထိ တိုးမြှင့်ပေးခဲ့တာကို ကြိုဆိုခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ကိုယ့်အားကိုယ်ကိုးမှုနဲ့ အားလုံးပါဝင်နိုင်ရေး ချဉ်းကပ်မှုဆီ ကူးပြောင်းနေချိန်မှာ ခုလို ရန်ပုံငွေရရှိတာ အချိန်ကိုက်ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ် တမ်မီ ရှာ့ပ်ကတော့ ဒီအစီအစဉ်ဟာ ကာကွယ်စောင့်ရှောက်ရေးစနစ်တွေကို အားကောင်းစေပြီး ဝန်ဆောင်မှုတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရရှိစေဖို့ ပံ့ပိုးပေးခြင်းဖြင့် ဘေးကင်းပြီး ဂုဏ်သိက္ခာရှိတဲ့ ကူးပြောင်းမှုတခု ဖြစ်ပေါ်စေမယ်လို့ ဆိုပါတယ်။

အဆိုပါအစီအစဉ်မှာတော့ IRC နဲ့ မိတ်ဖက်တွေ ဦးဆောင်တဲ့ စခန်းတွေအတွင်း ဝန်ဆောင်မှုနဲ့ အလုပ်အကိုင် အဆင်သင့်ဖြစ်ရေးအတွက် ယူရို ၁၀ ဒသမ ၅ သန်း စီမံကိန်း၊ Expertise France ဦးဆောင်တဲ့ တာ့ခ်ခရိုင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုအတွက် ယူရို ၂ သန်း စီမံကိန်းနဲ့ UNHCR ဦးဆောင်တဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ နိုင်ငံတော်စနစ်တွေအတွင်း ပါဝင်လာစေရေးအတွက် ယူရို ၂ ဒသမ ၅ သန်း စီမံကိန်းတို့ ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်တလျှောက နှစ်ရှည်ကြာရှိနေပြီဖြစ်တဲ့ ခိုလှုံရာစခန်းတွေထဲ မြန်မာ နေရပ်စွန့်ခွာသူ ၈၀,၀၀၀ ကျော်ကို လက်ခံထားတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013