DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြသူများအား စစ်တပ်က ပစ်ခတ်ခြင်းကို နိုင်ငံတကာ အပြင်းအထန်ကန့်ကွက်၊ သင့်တော်သည့် ဆုံးဖြတ်ချက်ချမည်ဟု EU ပြော
DVB
·
February 21, 2021
ဆန္ဒပြသူများအား စစ်တပ်က ပစ်ခတ်ခြင်းကို နိုင်ငံတကာ အပြင်းအထန်ကန့်ကွက်၊ သင့်တော်သည့် ဆုံးဖြတ်ချက်ချမည်ဟု EU ပြော
Donate to DVB

မြန်မာနိုင်ငံ ဆန္ဒပြပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီး ပစ်ခတ်နှိမ်နင်းနေတဲ့အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြအရပ်သားတွ သေဆုံးဒဏ်ရာရတဲ့အပေါ်  ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ပြန်ကြားရေးဝန်ကြီး ယိုရှိဒ တိုမိုယုခိက ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာပါ။

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်ခတ်တာနဲ့ အကြမ်းဖက်တာတွေကို ချက်ချင်းရပ်ဖို့၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ အားလုံးကို ပြန်လွှတ်ဖို့နဲ့ မြန်မာ့ဒီမိုကရက်တစ် နိုင်ငံရေးစနစ်ကို အမြန်ပြန်အသက်သွင်းဖို့ မြန်မာစစ်တပ်ကို ဂျပန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်ကလည်း မြန်မာနိုင်ငံမှာ လူသေတဲ့အထိ အကြမ်းဖက်တာကို ဆန့်ကျင်တယ်လို့ ဒီနေ့မနက်အစောပိုင်း တွစ်တာ လူမှုကွန်ရက်ကနေ ပြောကြားလိုက်ပါတယ်။

 မြန်မာနိုင်ငံရဲ့  ဒုတိယအကြီးဆုံးမြို့ မန္တလေးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ကျည်အစစ်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်အပြီး သူက ခုလို ပြောလိုက်တာပါ။

 “ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေအပေါ် လူသေတဲ့အထိ အင်အားသုံးတာ၊ ခြိမ်းခြောက်တာ နဲ့ မကြာခဏ အကြိမ်ကြိမ် နှောင့်ယှက်တာတွေကို လက်မခံနိုင်ဘူး။ လူတိုင်းမှာ ငြိမ်းချမ်းစွာစုဝေးခွင့် ရှိတယ်။ အရပ်သား အုပ်ချုပ်ရေးကို ပြန်သွားဖို့နဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားဖို့ သက်ဆိုင်သူ အားလုံးကို ကျနော် ဆော်သြတယ်။”

ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာအကြီးအကဲ ဂျိုးဆက်ဖ် ဘော်ရဲလ်ကလည်း ဆန္ဒပြသူ တွေအပေါ် အကြမ်းဖက်တာကို ပြစ်တင်ရှုတ်ချလိုက်ပြီး EU ဟာ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်မယ်လို့ ပြောပါတယ်။

“စစ်တပ်က ငြိမ်းချမ်းတဲ့ အရပ်သား ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်တာကို ကျနော် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်။ အရပ်သားတွေအပေါ် အကြမ်းဖက်တာကို ချက်ချင်းရပ်ဖို့ မြန်မာနိုင်ငံထဲက စစ်တပ်နဲ့ လုံခြုံရေးတပ်တွေကို ကျနော်တိုက်တွန်းတယ်။ သင့်တော်တဲ့ ဆုံးဖြတ်ချက်ကို ချဖို့ မြန်မာနိုင်ငံအတွင်းက နောက်ဆုံး ဖြစ်ရပ်တွေကို တနင်္လာနေ့မှာ ဆွေးနွေးမယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နဒပရိုက်စ်ကလည်း  “မြန်မာနိုင်ငံအတွင်း ဆန္ဒပြသူတွေနဲ့ တခြားလူတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေ ဆက်လုပ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ ပစ်ခတ်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေကြောင့် ကျနော်တို့ နက်နက်ရှိုင်းရှိုင်းစိုးရိမ်တယ်။ ကျနော်တို့ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်” လို့ တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

ပြင်သစ်အစိုးရကလည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေအပေါ် မြန်မာလုံခြုံရေးတပ်တွေက အကြမ်းဖက်တာကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဒိုမစ်နစ်ရဘ်က   “မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ဆန္ဒပြသူတွေအပေါ် ပစ်ခတ်တာဟာ စည်းလွန်ဘောင်လွန် ဖြစ်သွားပြီ။ သဘောထား ကွဲလွဲသူတွေကို ဖိနှိပ်ချုပ်ချယ်ပြီး ဒီမိုကရေစီကို ခြေမှုန်းနေတာကို ကျနော်တို့ဟာ ဆန့်ကျင်တယ်။ နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ နောက်ထပ် အရေးယူဆောင်ရွက်ဖို့ စဉ်းစားမယ်” လို့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

ကုလအထူးသံတမန် တွန်မ် အန်ဒရူးစ်ကလည်း အာဏာသိမ်းစစ်အုပ်စုရဲ့ အန္တရာယ်ရှိတဲ့ အရှိန်အဟုန်ဟာ မြန်မာပြည်သူတွေအပေါ် စစ်ပွဲဆင်နွှဲနေပုံ ပေါ်လာတယ်လို့ တွစ်တာ လူမှုကွန် ရက်ပေါ်ကနေ ပြောကြားထားပါတယ်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကလည်း မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးခဲ့လို့ အရပ်သားတွေ သေဆုံး ဒဏ်ရာရတဲ့သတင်းတွေကြောင့် စင်ကာပူအစိုးရဟာ တုန်လှုပ်ချောက်ချားရတယ်လို့ ဆိုပါတယ်။

“လက်နက်မဲ့ အရပ်သားတွေအပေါ် လူသေတဲ့အထိ လက်နက်တွေကို သုံးစွဲခဲ့တာဟာ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပါဘူး။ အခြေအနေ အရှိန်မြင့်လာတာကို လျှော့ချရေးနဲ့ တည်ငြိမ်မှု ပြန်ရရေး ချက်ချင်းအရေးယူဆောင်ရွက်ဖို့နဲ့ နောက်ထပ် သေဆုံးဒဏ်ရာရတာတွေကို ရှောင်ဖို့ အဆုံးစွန် သည်းခံရေးကို ကျင့်သုံးဖို့ လုံခြုံရေးတပ်တွေကို ကျနော်တို့ အခိုင်အမာ တိုက်တွန်းပါတယ်။ အာဏာပိုင်တွေဟာ နောက်ထပ် သွေးစွန်းတာတွေ အကြမ်းဖက်တာတွေကို ဟန့်တားရမယ်၊ အကြမ်းဖက်မှုတွေ မပါဘဲ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းကနေတဆင့် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကို ပြန်သွားတာအပါအဝင် ပတ်သက်သူတိုင်းဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးအရ အဖြေရှာသင့်တယ်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013