
မြန်မာစစ်အာဏာရှင်စစ်တပ်က တရုတ်နယ်စပ်အနီးက မြေရှားသတ္တုတူးဖော်ရေး နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းနေသလို အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ အဓိက နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပစ်မှတ်ထားကာ ကချင်၊ ချင်းနဲ့ ကရင်ပြည်နယ်တွေမှာ စစ်ဆင်ရေးတွေ တကျော့ပြန် စတင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ်တာဘိုင် ထောက်ပံ့မှုကွင်းဆက်တွေအတွက် အလွန် အရေး ပါတဲ့ ကချင်ပြည်နယ်မြောက်ပိုင်းက မြေရှားသတ္တုတူးဖော်ရေး နယ်မြေတွေကို ပြန်လည် သိမ်းပိုက် နိုင်ဖို့ စစ်တပ်ဟာ အဓိကနယ်စပ်ဒေသတွေတလျှောက် စစ်ဆင်ရေးတွေကို အရှိန်မြှင့် လုပ်ဆောင် ခဲ့တယ်လို့ ဆိုပါတယ်။
အခုစစ်ဆင်ရေးဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိန်းချုပ်နယ်မြေတွေကို တိုးချဲ့လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကနေ မဟာဗျူဟာမြောက်နယ်မြေတွေကို ပြန်လည်ရယူဖို့ စစ်အုပ်စုရဲ့ ကြီးမားတဲ့ ထိုးစစ်ဆင်လာမှုလည်း ဖြစ်ပါတယ်။
မဟာဗျူဟာအရ အထိမခံဆုံး စစ်မျက်နှာမှာ ကချင်ပြည်နယ် မြောက်ပိုင်းဖြစ်ပြီး တရုတ်နယ်စပ် အနီးက အဆိုပါ သတ္တုတူးဖော်ရေးဇုန်တွေက ကမ္ဘာ့မြေရှားသတ္ထု ထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးကို ထုတ်လုပ်ပေးနေတာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ရိုက်တာ သတင်းဌာနကို ဖြေကြားရာမှာတော့ သူတို့အနေနဲ့ နယ်မြေကို ကာကွယ်ဖို့ အသင့်ရှိကြောင်းနဲ့ “သူတို့ကို ကျနော်တို့ရဲ့ သေနတ်ပြောင်းဝတွေနဲ့ ကြိုဆို သွားမှာပါ” လို့ ပြောထားပါတယ်။
စစ်တပ်အာဘော် သတင်းစာတွေမှာတော့ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်သစ် ရဲဝင်းဦးက ပြီးခဲ့တဲ့ အပတ်က စစ်သားတွေကို ပြောကြားရာမှာ တပ်ဖွဲ့တွေဟာ မန္တလေးနဲ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားကြားက အဓိက လမ်းမကြီးကို လုံခြုံအောင် ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဖော်ပြခဲ့သလို အဆိုပါသတင်းမှာပဲ စစ်တပ်က ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြ ထားတာပါ။
စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ကသာမြို့တွေနားက နယ်စပ်ဒေသတွေအပြင် ကချင်ပြည်နယ် ဗန်းမော်မြို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
မြန်မာနိုင်ငံမှာ မီဒီယာတွေ လွတ်လပ်စွာ သတင်းရယူခွင့်ကို တင်းကျပ်စွာ ကန့်သတ်ထားဆဲ ဖြစ်တာ ကြောင့် စစ်တပ်ရဲ့ ထိုးစစ်ဆင်မှု အသေးစိတ်အခြေအနေတွေ၊ စစ်မြေပြင်တွင်းက အသာစီး ရမှု အခြေအနေတွေနဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်အတည်ပြု ဖော်ပြနိုင်ခြင်း မရှိပါဘူး။
ဒါ့အပြင် အိန္ဒိယနယ်စပ်အနီးက ချင်းပြည်နယ်မှာလည်း စစ်တပ်က ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ စစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့တာကို တွေ့ ရပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန်က ရိုက်တာသတင်းဌာနကို ပြောကြားရာမှာတော့ စစ်တပ်က လေကြောင်းကနေ ပြင်းပြင်းထန် ထန် ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ကြောင့် တော်လှန်ရေးရဲဘော်တွေဟာ ဖလမ်းနဲ့ တွန်းဇံမြို့တွေကနေ မဟာဗျူဟာမြောက် ဆုတ်ခွာ ပေးခဲ့ရတယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်စပ် ကရင်ပြည်နယ်မှာလည်း ၂၀၂၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (KNU) က မြဝတီမြို့ထဲ ထိုးဖောက်ဝင်ရောက်လာပြီးကတည်းက တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားနေသလို စစ်တပ်တွေဘက်က အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ် ကားလမ်းမကြီးကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေတာပါ။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု စစ်ဆင်ရေးတွေက အီရန်နိုင်ငံအပါအဝင် တရားမဝင် လေယာဉ်ဆီ ပေးပို့မှုတွေအပေါ် မှီခိုခဲ့ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ဖူးသလို အချိန် ၁၅ လတာ ကာလအတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား နေရာပေါင်း ၁,၀၀၀ ကျော်ကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။
အခု နောက်ဆုံး ထိုးစစ်ဆင်မှုတွေကတော့ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က တော်လှန်ရေး အဖွဲ့တွေကို ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ ပြောဆိုပြီး နောက် ပေါ်ပေါက်လာခဲ့တာပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အတော်များများဘက်ကတော့ စစ်တပ် အပေါ် လုံးလုံးနီး ပါး မယုံကြည်တာကြောင့် အဆိုပါ ကမ်းလှမ်းချက်ကို ပယ်ချထားပါတယ်။
Source: Reuters











