
မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်အနီး ဖေဖော်ဝါရီ ၁၉ ရက် မနက်က CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်သူ ဖမ်းဆီးခံဆရာမ ၂ ယောက်အပါအဝင် ၁၄ ဦးကို အဲဒီနေ့ ညနေမှာပဲ ခံဝန်လက်မှတ်ထိုးစေပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြန်လွှတ်ပေးခဲ့ပါတယ်။
“နောက်ရက်တွေမှာလည်း ဥပဒေနဲ့အညီ ဆောင်ရွက်မှာပါ။ နောက်နေ့တွေမှာတော့ ဒီလို ပြန်လွှတ်ပေးမလားဆိုတာ ကျနော်တို့လည်း အာမ မခံနိုင်ပါဘူး ”လို့ ခရိုင်ရဲတပ်ဖွဲ့မှူး တင်ဖေဝင်းက ပြောပါတယ်။
မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်အနီး CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ ပညာရေး ဝန်ထမ်းတွေကို လူစုနေချိန် ကျောင်းဆရာမ ၂ ယောက်နဲ့ မြစ်ကြီးနားမြို့ရဲ့ စည်ပင်သာယာဈေးနား ဈေးကြီးလမ်းပေါ်မှာ ဆန္ဒပြဖို့ လူစုနေတယ်ဆိုသူ လူ ၁၂ယောက်ကို ဖေဖော်ဝါရီ ၁၉ ရက် မနက်က ရဲဝတ်စုံတွေ ဝတ်ထားသူတွေက နံပါတ်တုတ်နဲ့ရိုက်၊ လေးခွနဲ့ပစ်ကာ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
“ကျမတို့ ဖုန်းတွေကို သိမ်းတယ်။ အချုပ်ကားနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က မြို့တော်ခန်းမနားက အချုပ်ကားထဲမှာပဲ ထမင်းလည်း မကျွေး၊ ရေမတိုက်ဘဲ တနေကုန် ထားထားပြီး ညနေ ၃ နာရီကျော်မှ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့ရုံးကို ခေါ်လာခဲ့တယ်။ ဆရာမတစ်ယောက်က လက်လည်း ထိမိတယ်။ ခြေသလုံးနဲ့ တံတောင်ဆစ်မှာတွေလည်း ဒဏ်ရာရထားတယ်”လို့ ဖမ်းဆီးခံရသူ တစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ဆန္ဒပြသူများထဲက ဦးပဉ္ဇင်း ဦးပညာ ဝံသနဲ့ သပိတ်စစ်ကြောင်း အရှေ့က ထော်လာဂျီမောင်းတဲ့ ကားဆရာအပါ လမ်းဘေး ကွမ်းယာ ရောင်းနေတဲ့ အမျိုးသားတစ်ယောက်နဲ့ ဆန္ဒပြပြည်သူတစ်ယောက်၊ စုစုပေါင်း ၄ ယောက်ကို တပ်မတော်က ဖမ်းဆီးသွားပြီး ၁၈ ရက်နေ့ညမှာ ပြန်လွှတ်ပေးခဲ့တာပါ။
မြစ်ကြီးနားမှာ အရင်နေ့များက ဆန္ဒပြ စုရပ်နေရာတွေကို တပ်မတော်သားတွေနဲ့ ရဲတွေက ပိတ်ဆို့ခြင်း မြို့တွင်းလမ်းတွေပေါ်မှာ လိုက်ဖမ်းခြင်း၊ ဓာတ်ပုံရိုက်တဲ့သူတွေကို လေးခွနဲ့ ပစ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဆန္ဒပြပြည်သူတွေဟာ ဖေဖော်ဝါရီ ၁၉ ရက်က လမ်းလျှောက် ဆန္ဒမပြတော့ဘဲ မြို့တွင်းလမ်းတွေပေါ်မှာ ဆိုင်ကယ်နဲ့ လှည့်လည်ပြီး ကြွေးကြော်သံတွေနဲ့ မွန်းတည့် ၁၂ နာရီကျော်အထိ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
မီးမီး











