DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုအတွက် မင်းကိုနိုင်၏ စိတ်ခွန်အားပေးကဗျာ (ရုပ်သံ)
DVB
·
February 19, 2021
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုအတွက် မင်းကိုနိုင်၏ စိတ်ခွန်အားပေးကဗျာ (ရုပ်သံ)
Donate to DVB

လတ်တလော နိုင်ငံနဲ့အဝှမ်း ဆင်နွှဲနေကြတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူ ထုလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ပြည်သူတွေအတွက် ၈၈ ကျောင်းသားခေါင်းဆောင် မင်း ကိုနိုင်က ကိုယ်တိုင်ရေးကဗျာတပုဒ်ကို ရွတ်ပြပြီး စိတ်ခွန်အားပေးလိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံတဝန်းမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထု လှုပ်ရှားမှုဟာ အရှိန်အဟုန်မြင့်တက်နေပြီး ပြည်သူ့ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)ဟာလည်း တစထက်တစ ပိုမိုအားကောင်းလာနေတာ ဖြစ်ပါတယ်။

"ငါတို့အားလုံးတခုထဲ"

================

ကင်မရာ​တွေ​ရှေ့

ဗိုက်ဖုံးအင်္ကျီလှန်ပြလိုက်တာ

အဲဒီမိန်းမရွယ်ရဲ့ ဗိုက်သားမဟုတ်ဖူး

"အနာဂါတ်ကြီး"ဗျ

​နေ့​စေ့ လ​စေ့ အနာဂါတ်ကြီး

"မဖျက်ဆီးနဲ့

အညွှန့်မချိုးနဲ့ "လို့ ​ပြော​နေတာ

အိုက်တင်​ကောင်းလို့

သရုပ်​ဆောင်​နေတာမဟုတ်ဘူး

ပလက်​ဖောင်း​ပေါ်လက်အုပ်ချီရင်း

စီးကျလာတဲ့ မျက်ရည်​တွေက

စာနာဖို့ ဆင်ခြင်ဖို့

နံရံကို မှုတ်​ဆေးနဲ့

လက်​​​ဆော့​နေတာမဟုတ်ဘူး

ငယ်သူအိပ်မက် အပျက်မခံ ပန်းချီမှာ

လွတ်လပ်ခြင်းရဲ့ ဒရမ်​တွေ"ထမြည်​"နေတာ

အိုးခွက်ပန်းကန်​တွေကို

ထုရိုက်​နေတာ မဟုတ်ဘူး

ကျင့်ဝတ်မဲ့မ​ကောင်းဆိုးရွား​တွေကို ​​

မောင်းထုတ်​နေတာ

ဘဏ်ဖယ်ရီက သူ့​ရှေ့လမ်း​ပေါ်

ပစ်ခင်းချလိုက်တဲ့ နှလုံးသား​တွေ​ရှေ့

ကျွီ"ကနဲ ဘရိတ်အုပ်လိုက်​တော့

အနင်းကျိတ်ခံဖို့ ​ရွေးထားတဲ့

လူသားစင်စစ် ဧကန်ဖြစ်​တွေကို​တွေ့ရတယ်

မီးပွိုင့်မှာ

 စက်​သေကုန်တဲ့ကား​တွေ ရှေ့

ရင်ကျပ်လာလို့ တုံးလုံးရပ်လိုက်ရတဲ့

လူသား​​တွေ

အို...ကမ္ဘာကြီးရဲ့....

​လေထဲဝဲပျံ​နေတဲ့ ဓါတ်ပုံ​တွေကြည့်လိုက်ပါ

ယုံကြည်ရာပိုစတာကိုယ်စီနဲ့

လမ်းကူးလာတဲ့ လူအိုစုံတွဲလည်းပါတယ်

သံပုံးတီးရင်း ငိုမဲ့မဲ့ အ​ဒေါ်ကြီးလည်း

ပါတယ်

ဝှီးချဲ​ပေါ်က အံကြိတ်​နေတဲ့ ဖခင်အို

ဘုရားစင်​ရှေ့ သစ္စာဆို​နေတဲ့ မိခင်အို နဲ့

အင်ဂျင်နီယာမှာလည်း သူ့တန်ဖိုးနဲ့

အထည်ချုပ်သမ​​လေးလည်း သူ့တန်ဖိုးနဲ့

စတီယာရင်ကိုင်​သော လက်​တွေ

​မြေဖြူကိုင်​သော လက်​တွေ

​ခေတ်လမ်းနံရံမှာ ကာတွန်းတကွက်

ကဗျာတ​ကြောင်း၊ ပန်းချီတချပ်၊

​ဆေးထိုးအပ်နဲ့၊ ကီးဘုတ်ဖိုက်တာများ.....

အားလုံး.....စက်​ခေါင်း​​​မောင်းသမား

ဒီလမ်း​ပေါ်မှာ အခု​တော့

​ကျောင်း​​တော်က ရန်စ​တွေ​​တောင်

​ယောက်ဖ​ရေ သားရီး​ရေ ပြန်​ခေါ်လို့

ဘုရား​ကျောင်း​ရှေ့ ချပ်ဂျ်ကျောင်း​ရှေ့

ဗလီ​ရှေ့မှာ အားလုံးအတူ

ချီတက်သူ​တွေစားပြီးမှ

အ​​မော​ပြေ အလကား​ကျွေးတာပါလို့ ​

ပြောသွားတဲ့ ဖရဲသီးသည်​လေးကအစ.....

ငါတို့အားလုံး 'တခုချင်းစီ'က​နေ

ငါတို့အားလုံး "တခုထဲ"ဖြစ်သွားတဲ့အခါ

ငါတို့ဟာ

နိုင်မြင်းကို ​ရွေး​​လောင်းသူ​တွေ မဟုတ်

ကိုယ်တိုင်ပန်းဝင်တဲ့ နိုင်မြင်းအဖြစ်

ကိုယ်တိုင် ကဆုန်ဆိုင်း​ပြေး​နေကြတာ။

#မင်းကိုနိုင်

၁၉.၂.၂၀၂၁

       မင်းကိုနိုင်ကိုတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွေ မှာ ကျောင်းသားခေါင်းဆောင် အဖြစ်နဲ့ စတင်ပါဝင် လှုပ်ရှားလာခဲ့သူတယောက်အနေနဲ့ အားလုံးက သိကြမှာဖြစ်ပြီး သူ့ရဲ့ ဘဝအချိန် အတော်များများကိုလည်း အကျဉ်းထောင် ထဲမှာပဲ ကုန်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၅၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မင်းကိုနိုင်ရဲ့ နာမည်ရင်းကတော့ ပေါ်ဦးထွန်း ဖြစ်ပြီး ဖြတ်သန်းခဲ့တဲ့ ကာလတလျှောက် နိုင်ငံရေးလှုပ်ရှားမှုတွေအပြင် သူ့ရဲ့ အခြားတ ဖက်စာမျက်နှာက အနုပညာအရည်အသွေးတွေကိုလည်း ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။

  သူ့ရဲ့အသက် ၄၇ နှစ်ပြည့် မွေးနေ့မှာ ထုတ်ဝေခဲ့တဲ့ “နောက်ကြည့်မှန်”ဝတ္ထုက တော့ မင်းကိုနိုင်ရဲ့ ထင်ရှားတဲ့ စာအုပ်တအုပ် ဖြစ်ခဲ့ပါတယ်။

ရှစ်လေးလုံးနောက်ခံ ဇာတ်အိမ်တည်ထားခဲ့တဲ့ ဒီဝတ္ထုထဲမှာတော့ အဲဒီခေတ်က အခြေအနေ၊ ဇာတ်ကောင်စရိုက်အဖွဲ့အနွွဲ့တွေနဲ့အတူ သုတ၊ ရသဟန်ချက်ညီညီ ရေးဖွဲ့ ထားခဲ့တဲ့ သမိုင်းနောက်ခံဝတ္ထုတပုဒ် ဖြစ်ပါတယ်။

မင်းကိုနိုင်ရဲ့ နောက်ထပ်ထင်ရှားတဲ့ စာအုပ်တချို့ကတော့ ကောက်နွယ်ကနောင် ပြုံးချိုဖတ်ဖို့ကဗျာ(မင်းကိုနိုင်၊နောင်ကျော်၊ပြုံးချို)၊ ထာဝရအောင်လံ၊ လူငယ်နှင့် လွပ်လပ် မှုတန်ဖိုး၊ တောဘူတာရုံကလေးအတွက်ဥသြသံ၊ မောင်ပေါ်ထူးနှင့်မသံသာ၊ တရားခံ စံပယ်ပင်နှင့်အပေါင်းအပါကဗျာများ၊ ဖိနပ်ဟောင်းရဖို့ သေနတ်ပြောင်းဝသို့ ပြန်မ ရောက်စေချင်နှင့်...စာစုများ၊ သူကြီးသားမက်၏သူငယ်ချင်း၊ ကျေးဇူးတင်ပါသည်စတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။

ခုလတ်တလောမှာတော့ မင်းကိုနိုင်ဟာ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013