DVB Logo
Home
ဆောင်းပါး
လှသန်း မုဆိုးမစစ်တမ်း ဒီပရင်္ဂကဗျာများ 
မောင်တူး
·
October 24, 2026
လှသန်း မုဆိုးမစစ်တမ်း ဒီပရင်္ဂကဗျာများ 
Donate to DVB

ကြယ်တွေ မရိုးမရွ

ကောင်းကင် ကျိုးကျတော့မယ်

မြေကြီးကို ရွှေ့ထားရရင်ကောင်းမလား 

(လှသန်း)

(ကဗျာဆရာလှသန်းကွယ်လွန်တဲ့ ၁၅ နှစ်ပြည့် အမှတ်တရ)

ကဗျာဆရာ လှသန်းလို့ ပြောရင် ကြည်မောင်သန်းကို မြင်မိတယ်။ ဒါက ကဗျာဆရာ လှသန်းဆိုတဲ့ နာမည်ကို စာပေစိစစ်ရေးက ပိတ်ခဲ့တဲ့အတွက် ကြည်မောင်သန်း၊ နမိတ်ထွန်း၊ စံသိုက်၊ လိပ်ပြာသန့်သန့်၊ ရန်မခ၊ မောင်သီးသန့် စတဲ့ ကလောင်အမည်ခွဲပေါင်း မြောက်မြားစွာနဲ့  ကဗျာတွေကို ကြံ့ကြံ့ခံရေးသားခဲ့သူတယောက် ဆိုတာ သူပဲပေါ့လို့ ပြောချင်တယ်။

အခု ကဗျာဆရာ လှသန်းအကြောင်း ပြောနေရတာက သူဟာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်က ကွယ်လွန်ခဲ့ပြီမို့ အခုဆို သူ မရှိတော့တာ ၁၅ နှစ်ပြည့်ပြီ။ လောကကြီးက သူထွက်သွားပြီဆိုပေမဲ့ သူရှိနေဆဲပါ။ သူကဗျာတွေ ရှိနေဆဲပါ။ လှသန်းကို ပြောရင် ကြည်မောင်သန်းကို သတိရသလို ကြည်မောင်သန်းကလည်း ဒီပရင်္ဂကဗျာကို သမိုင်းတွင်အောင် ရေးခဲ့တာကိုး။ ဒါပေမဲ့ အခုတော့ သမိုင်းဝင် ဒီပရင်္ဂ ကဗျာအစား သမိုင်းတုန် ခုန်စေခဲ့တဲ့ လှသန်းရဲ့ "မုဆိုးမစစ်တမ်း" ကဗျာကို လှသန်း ၁၅ နှစ်မြောက်မှာ အရင် ပြန် ခံစားဖတ်ရှုကြပါဦးစို့။ 

 

မုဆိုးမစစ်တမ်း

စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေးဟာ

မုဆိုးမဘဝနဲ့ ဆယ်နှစ်ကျော် ကြာမှ

နောက်အိမ်ထောင်ပြုခဲ့တယ်။

သတင်းစာ ဆရာမကြီး လူထုဒေါ်အမာဟာ

မုဆိုးမဘဝနဲ့ နှစ်ပေါင်းများစွာကြာမှ

ကွယ်လွန်ခဲ့တယ်။

ဂျက်ကလင်း ကနေဒီဟာ

မုဆိုးမ ဘဝနဲ့ တော်တော်ကြာမှ

သူဌေးကြီး အိုနာစစ်နဲ့ လက်ထပ်ခဲ့တယ်။

ငါ့မိတ်ဆွေ မုဆိုးမ

နောက်အိမ်ထောင်ပြုပြီးမှ

သားတွေနဲ့ အမွေကိစ္စ

တရားတပေါင်ဖြစ်ရတယ်။

အိမ်နားက မုဆိုးမ

သားလေးတက္ကသိုလ်ရောက်မှ

နောက်အိမ်ထောင်ပြုရရှာတယ်။

ငါ့မိန်းမလည်း

မုဆိုးမဘဝနဲ့ ဆယ်နှစ်ကြာမှ

ငါနဲ့ အကြောင်းပါခဲ့တယ်။

ငါ့အမေလည်း မုဆိုးမ

ငါ့ယောက္ခမလည်း မုဆိုးမ

ငါ့သူငယ်ချင်းအမေလည်း မုဆိုးမ

ကြည်အေးလည်း မုဆိုးမ

ကုတ်တနေးလဗ်လည်း မုဆိုးမ

ယိုကိုအိုနိုလည်း မုဆိုးမ

#ကမ္ဘာကျော် မုဆိုးမ

#ပန်းပွင့်လှလှတွေ ပန်လို့

#လောကဓံကို အန်တုဆဲ။

လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က

ငါ့အဒေါ် မုဆိုးမ

ယောက်ျားဆုံးလို့မှ ၆ လမပြည့်သေး

နောက်အိမ်ထောင်ပြုလိုက်ရတယ်

ကလေးတွေ တပြုံတမနဲ့

လိုင်းခန်းက ဆင်းပေးရမှာ စိုးလို့ ။  ။

(လှသန်း) Idea မဂ္ဂဇင်း Nov , 2011

ကမ္ဘာကျော် မုဆိုးမဆိုတာ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်ပေါ့။ ဒီအပိုဒ်ကို ကဗျာထဲမှာ စစ်ထောက်လှမ်းရေး မသိအောင် ထည့်ဝှက်ရေးတတ်ခဲ့တာ လှသန်းတယောက်တည်းပါ။ “ကဗျာတွေ ရှင်ချင်ရင် ကဗျာဆရာတွေ သေဖို့သာပြင်" လို့ ဒါကြောင့် လှသန်းက ဆိုခဲ့တာကိုး။ အခုလို ဘယ်နားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းချုပ်ထားမှန်း မသိတဲ့ နေရာကို နေမဝင် ဘုရင်ကြီးက စာအုပ် ၂ အုပ် လှမ်းပို့ချိန်မှာ မုဆိုးမစစ်တမ်းရေးခဲ့သူ ကဗျာဆရာ လှသန်းကို သတိရတယ်။ နေမဝင် ဘုရင်ကြီးနဲ့ သူက နေဝင်သွားခဲ့ပေမဲ့ သူ့ကဗျာတွေကတော့ နေထွက်ဆဲဖြစ်တဲ့ လှသန်းနဲ့ တန်းတူပါပဲလား။ 

#ပန်းပွင့်လှလှတွေ ပန်လို့

#လောကဓံကို အန်တုဆဲ . . .  လို့ လှသန်းက စာစီရေးခဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ပါ။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေ လွှတ်ပေးရေး Free Her ကမ်ပိန်း ဆင်နွှဲသံတွေ ကြားရင်လည်း လှသန်းကို သတိရတာပါပဲ။ ပန်းပန် ပန်းရောင်း ဖမ်းကြောင်းကြားရင်လည်း လှသန်းကို သတိရတာပါပဲ။ ကဗျာဆရာ လှသန်းရေ ကမ္ဘာကျော် မုဆိုးမကြီးကလေ ဘယ်ဆီမှာရောက်နေမှန်း မသိရသေးဘူးကွ။ တတိုင်းတပြည်လုံး တကမ္ဘာလုံး အုတ်အုတ်ကျက်ကျက် တခဲနက်ရှာနေကြဆဲ။

မိခင် မုဆိုးမ

လင်ယောက်ျားကို သံယောဇဥ်မထား

အမှန်တရားကို အားကိုးရှာသူ

သားသမီးတွေနဲ့ မပတ်သက်

အနာဂတ်နဲ့ ဆက်ဆံချင်သူ

မြေးကလေးတွေကို တွေ့ချင်စိတ်ကို ထိန်း

ငြိမ်းချမ်းရေးကို မျှော်လင့်နေသူ ။ ။

#လှသန်း

၈၈၈၈ မှသည် နွေဦးဆီအထိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပဲ။ စစ်အာဏာရှင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုကဗျာဆိုရင် အကုန် မီးရှို့ပြာချမယ်သာပဲ။ ဒါကြောင့်လည်း ဆန်းရဲ့ သမီး ရှုမညီး ကဗျာတွေ ရေးခဲ့တဲ့ တင်မိုး ကြည်အောင် ကိုလေး (အင်းဝဂုဏ်ရည်) မောင်စွမ်းရည် စတဲ့ ကဗျာဆရာကြီးတွေဟာ ပိတ်ပင်ခံခဲ့ရတာပေါ့။ ထောင်ကျသူလည်း ရှိခဲ့တယ်။ ဝေးမြိုင်စွန်းကို ယွန်းရ ရှောင်ရသူတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ လှသန်းကတော့ မုဆိုးမစစ်တမ်းအပြင် ကြည်မောင်သန်းလုပ်ပြီး ဒီပရင်္ဂကို ရေးခဲ့ပြန်တယ်။ တော်ပါ့ပေ့ ကြည်မောင်သန်းရယ်။ 

ဒီပရင်္ဂ

ပုံပြင်ထဲက မြို့လည်း မဟုတ်

ဒဏ္ဍာရီထဲက မြို့လည်း မဟုတ်

ရာဇဝင်ထဲက မြို့တမြို့

ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းကရှိတဲ့ မြို့တမြို့

သမိုင်းဝင် မြို့တမြို့။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်

အလောင်းစည်သူမင်း

တိုင်းခန်းလှည့်လည်ရင်း

မြောက်ဘက်အရပ်အရောက်

အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်

ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့

ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။

အရှေ့မှာ ဧရာဝတီ

အနောက်မှာ ချင်းတွင်း

မနီးဝေးမှာ မူးမြစ်နဲ့

စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။

သာသနိက အဆာက်အအုံတွေ ပေါများ

ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား

တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ

ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ

အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။

အလောင်းဘုရား လက်ထက်မှာ

အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ

ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ

နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။

ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ

စစ်သူကြီး မဟာဗန္ဓုလ

မုံတိုင်ပင် ဆရာအရှင်ဝံသ

အတုလဆရာတော် အရှင်ယသ

မြသိန်းတန် ဆရာတော် အရှင်ဇိန

အယူတော်မင်္ဂလာ ဦးနိုး

လယ်တီဆရာတော်

ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။

ဒီမြို့မှာ

မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့

ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်။

ဒီမြို့ကနေ

ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း

အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်။

ဒီလိုနဲ့ 

ဒီမြို့မှာ သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်။

ဒီမြို့မှာ သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်။

ဒီမြို့မှာ လူငယ်လေးတယောက် သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်။

ဒီမြို့မှာ အမျိုးသမီးတယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်။

ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်။

တနေ့တော့

မိုးနည်းတဲ့ ဒီဒေသ

ဆောင်းတွင်းအခါ သမယမှာ

မိုးရွာဖို့ မဆိုထားနဲ့

မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်

ရုတ်တရက် မိုးကြီးရွာချလိုက်တယ်။

ဆင်ခြေရာတွေတောင်

တိမ်ကောပပျောက်သွားအောင် ရွာတဲ့မိုးမို့

အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။

မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း

ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ

အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။ ။

ကြည်မောင်သန်း

၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း မှ

တကယ်တော့ တော်လှန်ကဗျာဆိုတာ ဒါမျိုးတွေပါ။ "မုဆိုးမစစ်တမ်း" "ဒီပရင်္ဂ" တို့ အပါအဝင် လှသန်းရဲ့ တော်လှန်ကဗျာ များစွာရှိပါတယ်။ လှသန်း နာမည်နဲ့ ရေးလို့ ဖမ်းဆီးစစ်ဆေးခံရ၊ ကလောင် အပိတ်ခံရပြီးတော့ ကြည်မောင်သန်းနာမည်နဲ့ ရေးပါတယ်။ ကြည်မောင်သန်းရဲ့ ဒီပရင်္ဂဟာ ဒေါ်အောင်ဆန်းစုကြည် NLD ရဲ့ ဒီပဲယင်း သွေးမြေကျအရေးအခင်းကို ရေးတာပါ။ ဒီပရင်္ဂကြောင့် ချယ်ရီမဂ္ဂဇင်းလည်း အရေးယူခံရ ကြည်မောင်သန်းကလောင်လည်း အပိတ်ခံခဲ့ရပြန်ပါတယ်။ အဖမ်းခံရ အချုပ်ခံရ စစ်ကြောရေးမှာ ရက်ရက်စက်စက် နှိပ်စက် ညှဉ်းပန်းခံခဲ့ရတာပေါ့။ လှသန်းကတော့ အားလုံးသော ခေတ်ကြေးမုံပြင်ကို ကဗျာသုတေသနပြု မှတ်ထားတာပါ။ 

မမေ့ဘူး

ဘယ်တော့မှ မမေ့ဘူး။

ခဏလောက် ခေါ်သွားပါရစေ

စစ်ဆေးပြီးရင် ပြန်ပို့ပေးမယ် . . .

အဲဒီညကို

ဘယ်တော့မှ မမေ့ဘူး။

ညို့သကျည်းကို

မျဉ်းလုံးနဲ့ လှိမ့်ခံခဲ့ရတာကို

ဘယ်တော့မှ မမေ့ဘူး။

ပလတ်စတစ်အိတ်ကြီး စွပ်ပြီး

ဘယ်ပြန်ညာပြန် ပါးရိုက်ခံခဲ့ရတာကို

ဘယ်တော့မှ မမေ့ဘူး။

အိမ်ထဲမှာ ဘီယာဘူးခွံ စုတ်လေးနဲ့

အိမ်သာသုံးရေကို ခိုးသောက်ခဲ့ရတာကို

ဘယ်တော့မှ မမေ့ဘူး။

စားထားတဲ့ ထမင်း

အတောင့်လိုက် အန်ထွက်လာအောင်

ရင်ဝ ဖနောင့်နဲ့ ပေါက်ခံခဲ့ရတာကို

ဘယ်တော့မှ မမေ့ဘူး။

လှသန်းဟာ ကဗျာ၊ ကဗျာဟာ လှသန်းပဲ။ ခံရရင်လည်း ကဗျာနဲ့ မှတ်တေးထားသူ။ သွေးမြေကျ တော်လှန်ရေးကိုလည်း ကဗျာဖွဲ့တယ်။ ခေါင်းဆောင် မုဆိုးမကြီးကိုလည်း စာစီချယ်သတယ်။ ယုတ်စွအဆုံး တဝမ်းတခါးအတွက် ပြည်ပရောက် အလုပ်ကြမ်းတွေ လုပ်ရင်းတောင် ကဗျာမှတ်တမ်းတင်သူပါ။   

နာရီစက်သံကြောင့်

အထိတ်တလန့်နိုးထ

အိပ်ရေးမ၀တဲ့မျက်လုံးထဲမှာ

နှင်းတွေအတုံးအရုံးကျနေတဲ့ မနက်ခင်း

ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့

အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ

တနေကုန် မြို့တော်ကြီးဆီကိုသွား

မြင့်မားတဲ့အဆောက်အအုံခေါင်းမိုးတွေပေါ်တက်

ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ

ချွေးတွေ သံတွေနဲ့ မချိမဆန့် အလုပ်လုပ်ကြ

အဲဒီအလုပ်က အသက်အန္တရာယ်နဲ့နီးပေမဲ့

“ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ”လို့

ဘင်္ဂလားဒေရ်ှလူရွယ်က မှတ်ချက်ချတယ်

ငါလွမ်းနေခဲ့တာ

ကံခေပေမဲ့

ချစ်စရာကောင်းတဲ့ 

တိုင်းပြည်တပြည်ကိုပါ။ 

လှသန်း (အာရှတိုက်ရဲ့တနေရာ ကဗျာမှ)

သူဟာ အထက်ပါကဗျာနဲ့ ၂၀၀၆ ရွှေအမြုတေ စာပေဆု(ကဗျာ) ရရှိခဲ့တယ်။ လှသန်းကို လက်မရွံ့ကဗျာဆရာလို့တောင် ကင်ပွန်းတပ်ကြတယ်။ ကျနော်ကလည်း လက်မရွံ့ တော်လှန် ကဗျာဆရာလို့ ဆိုချင်ပါတယ်။ သူက လက်မရွံ့တော့ သူ့ကိုလည်း အသိအမှတ်ပြုကြတာပေါ့။ လှသန်းဟာ တော်ဘုရားလေးစာပေဆု၊ သခင်ကိုယ်တော်မှိုင်း တသက်တာစာပေဆုတို့ အပါအဝင် ထင်ရှားတဲ့ (တော်လှန်) နိုင်ငံရေးကဗျာတွေကို ရေးဖွဲ့ပြီး ဆုတွေ တသီကြီး ရခဲ့တဲ့ ကဗျာဆရာပါ။

ကဗျာဆရာ လှသန်း ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့်

ကဗျာဆရာလှသန်းဟာ ၂၀၁၁ နိုဝင်ဘာလ ၂၂ ရက် ၄၈ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့တယ်။ အခု ၂၀၂၆ အောက်တိုဘာ ၂၂ မှာ  ၁၅ နှစ် ပြည့်ပါပြီ။ နေဝင်သွားခဲ့ပြီ။  နေလုံးကြီးရဲ့ အရောင်ရှိန်ဝှာတွေကတော့ လင်းဆဲပေါ့။ နှစ်ကာလက သူကွယ်လွန်ပြီး ဆယ်စုနှစ် တခုခွဲ ကြာလာတဲ့တိုင်အောင် သူ့ရဲ့ လက်မရွံ့တော်လှန် ကဗျာတွေကြောင့်ပဲ ကဗျာဆရာ လှသန်းဟာ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ထာဝရ ရှိနေဆဲပါ။ ။

မောင်တူး 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013