DVB Logo
Home
ဆောင်းပါး
စစ်ရေး တချက်မှားရင် နယ်မြေတကွက်၊ နိုင်ငံရေး တချက်မှားရင် ကျွန်တသက်
DVB
·
June 25, 2026
စစ်ရေး တချက်မှားရင် နယ်မြေတကွက်၊ နိုင်ငံရေး တချက်မှားရင် ကျွန်တသက်
Donate to DVB

နံနက်ခင်းတခုမှာ ကျနော့်ရဲ့ မိုးဦးရေဆန် စာဖတ်အိမ်ကို ကလေးငယ်တယောက် အမောတကော ရောက်လာပါတယ်။

“ဆရာ အုပ်ချုပ်ရေးမှူးက အခေါ်ခိုင်းလိုက်ပါတယ်” ကျနော် နည်းနည်းလန့်သွားတယ်။ လန့်ရတာတော့ အကြောင်းရှိပါတယ်။ ကျနော်က သတင်းစာဆရာ ဆိုတော့၊ စာကြည့်တိုက်လည်း ဖွင့်ထားတော့ အုပ်ချုပ်ရေးမှူးတွေ လုံခြုံရေး စိုးရိမ်ဟန်တူပါတယ်။ ထားတော့။ မနက်အစောကြီး ဘာကိစ္စလဲပေါ့။ အဲဒါနဲ့ စိတ်အေးအေးထားပြီး အ၀တ်အစားလဲပြီး အုပ်ချုပ်ရေးမှူးတို့ အိမ်ဘက် ထွက်လာခဲ့လိုက်ပါတော့တယ်။

ဟိုရောက်တော့ အုပ်ချုပ်ရေးမှူး အိမ်ရှေ့က အဖွဲ့ဝင်တယောက်ရဲ့ အိမ်မှာ အတော်အသင့် လူတွေ မျက်နှာသစ် ကရင်လူကြီးတွေ အမျိုးသမီးတွေ တကုတ်ကုတ်နဲ့ အလုပ်တွေရှုပ်နေတာ တွေ့ရပါတယ်။ အဲဒီမှာ စိတ်ဝင်စားစရာ ကရင်အဖူးတယောက်နဲ့ ကရင်လူငယ်တယောက် အမျိုးသမီးငယ် တယောက်ကိုလည်း အတူတူတွေ့ရပါတယ်။ ကရင်အဖူးက စပြီးနှုတ်ဆက်တယ်။ ကျနော်လည်း အတူနှုတ်ဆက်ဖြစ်ပါတယ်။

“မင်္ဂလာပါ အော့ဆိုလဆိုက်ပါအဖူး” ဆိုပြီး လက်အုပ်ချီပြီး ရိုရိုသေသေ ပြုံးပြုးရွှင်ရွှင်ပဲ နှုတ်ဆက်လိုက်ပါတယ်။ အဖူးကလည်း ထိုနည်းတူစွာ အပြုံးပန်းနဲ့ နှုတ်ဆက် လက်ကမ်းပါတယ်။

“ဆရာလေးက စာရေးဆရာဆိုလို့ ဆွေးနွေးချင်လို့ အခေါ်ခိုင်းလိုက်တာပါ” လို့ အဖူးက စပြောပါတယ်။ အဲဒီအခါမှ ကျနော်လည်း သက်ပြင်းချမိပါတော့တယ်။

အဖူးက ကျနော့်ကို ပညာ စစမ်းပါတော့တယ်။ “ကျနော်က ဒီမိုကရေစီအကြောင်း သိပ်နားမလည်လို့ ဆရာလေး နည်းနည်းရှင်းပြပေးပါ့လား”  တဲ့ အဲဒီမှာ ကျနော် စပြီး သိလိုက်ပြီ။ ကျနော့် ညီတော် ၃၁ စောတေဇ ပြောသလိုပါပဲ။

“ဗမာတွေလည်တယ်ဆိုတာ ကရင်တွေ ကွမ်းမူးသလောက်ပဲ ရှိတာပါ အစ်ကိုတော်ရာ” တဲ့ ကျနော် အဲဒီအသံ ချက်ချင်း နားထဲရောက်လာပြီး ပြုံးမိတယ်။ ကျနော်လည်း ဘာရမလဲ။ အောက်ကနေပဲ ပြန်လျှိုရတာပေါ့။

“ကျနော်လည်း တောသား ရွာသား ဆိုတော့ ဒီမိုက‌ရေစီကို  တောရွာကလူတွေ နားလည်အောင်ပဲ ကြိုးစားအားထုတ်ဖြစ်ပါတယ်လို့။ ဒီမိုကရေစီကို ပညာရှင်ကြီးတွေ ပြောသလို အတုံးလိုက် အတစ်လိုက်ကြီးတွေ ရွာမှာလာသင်ကြတော့ အစာမကြေဘဲ မအီမသာတွေ ဖြစ်ကြတာပေါ့လို့။ ဒီမိုကရေစီကို ဒိုင်ဂျက် မလုပ်နိုင်တော့ အစာမချက်နိုင်တော့ အနှစ်သာရကို အသုံးမချနိုင်တော့ အကျိုးနည်းနေတာပါအဖူးလို့” ပြန်ပြောတော့ အဖူးက တော်တော် သဘောကျသွားဟန် တူပါတယ်။

“ဒါဆို ဘယ်လိုလုပ်ရမလဲ ဆရာလေး”၊ “ဒါက ဒီလိုရှိပါတယ်အဖူး။ ဒီမိုကရေစီကို ရပ်ထဲ ရွာထဲ မရောက်ခင် ကလေးတွေ လူငယ်တွေ ရှိတဲ့ စာသင်ကျောင်းတွေကနေ စရပါမယ်။ “ကျောင်းတွင်း ဒီမိုကရေစီပေါ့ အဖူး” ဦးသန့်ရဲ့ ကျောင်းတွင်းဒီမိုကရေစီ စာအုပ်လိုမျိုးတွေကို သင်ရိုးလုပ်ပြီး သင်ရမယ်လို့ ဥပမာပေးပြီး ဆွေးနွေးဖြစ်ပါတယ်။ အကြောင်းအရာတွေ တော်တော်လေး ဆွေးနွေးပြီးသကာလ အဖူးက အရှိန်တက်လာပြီး ကရင် ဗမာ သမိုင်းကြောင်းတွေဘက်ကို ခြေဦးလှည့်လာပါတယ်။ အဲဒါတွေကတော့ သိတဲ့အတိုင်းပါပဲ၊ လူကြီးတွေဟာ သမိုင်းတွေထဲမှာပဲ ပိတ်မိနေတာမျိုးတွေ တွေ့ရသလို ၂၁ ရာစု ဗမာတော်လှန်ရေးသမား လူငယ်စာရေးဆရာတယောက်ကို အတွေးသစ် အမြင်သစ်တွေ ရအောင် ဆွေးနွေးပေးနိုင်တဲ့ ဆရာကျတဲ့ အတွေ့အကြုံမျိုးတွေလည်း ရတတ်ပြန်ပါတယ်။ ကိုယ်က ဘာတွေကို စုပ်ယူပြီး ဘာတွေကို ထွေးထုတ်ပစ်ရမလဲ ဆိုတာကတော့ ကိုယ်ရဲ့ ဉာဏ်ပညာပေါ်မှာပဲ မူတည်ပါတယ်။

အဲဒီဆွေးနွေးချက်တွေအထဲက ကျနော့်ကို ဒီဆောင်းပါးရေးချင်စိတ်ပေါက်အောင် လှုံ့ဆော်ပေးနိုင်တဲ့ စကားစုလေးကတော့၊ ငါတို့ ကရင်တွေ လက်တွေ့ခံစားလိုက်ရတဲ့ အတွေ့အကြုံကတော့ “စစ်ရေးတချက်မှားရင် နယ်မြေတကွက်ပဲ ဆုံးရှုံးတာပါ၊ အေး နိုင်ငံရေးတချက်မှားရင်တော့ မင်းတို့ ကျွန်တသက်ခံရပြီတာ မှတ်ပေတော့” တဲ့ ကျနော် ကြက်သီးမွေးညင်းပါ ထသွားတယ်။ ငါတို့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ နိုင်ငံရေးတချက် မှားခဲ့လေသလားဆိုပြီး ကျနော် ခေါင်းနပန်းကြီးသွားပါတယ်။ အဖူးကိုလည်း ကျေးဇူးတင်ပါတယ်အဖူး ဆိုပြီး ‌ရှစ်ခိုးကန်တော့ပြီး အတွေးများစွာနဲ့ ပြန်လာခဲ့တယ်။

တရက် ညီတော်မောင် စောတေဇ တယောက် ရဲဘော်တယောက်နဲ့ မိုးဦးရေဆန် စာကြည့်တိုက်ကို ဆိုင်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တယ်။ ဖက်ဒရယ်ယူနစ်တွေအကြောင်း ဆွေးနွေးဖြစ်တယ်။ မ‌ကွေး၊ စစ်ကိုင်း၊ မန္တလေး ဒေသအကြောင်း ဆွေးနွေးဖြစ်ပါတယ်။ အထက်ပါအကြောင်းအရာကို ဆွေးနွေးဖြစ်တော့ ညီတော်မောင် စောတေဇက အစ်ကိုတော် ဆောင်းပါးတပုဒ်လောက်တော့ ရေးပါဦးလို့ တိုက်တွန်းနှိုးဆော်တာကြောင့် အေးကွာ ငါ ရေးဖြစ်အောင် ရေးပါ့မယ် လို့ ကတိပြုမိပြီးသကာလ ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။

လူ့သမိုင်းမှာ နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာကို ပြောင်းလဲစေနိုင်တဲ့ ဆုံးဖြတ်ချက်တွေဟာ အမြဲတမ်း ရှိနေခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေထဲမှာ စစ်ရေးနဲ့ နိုင်ငံရေးဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ “စစ်ရေးတချက်မှားရင် နယ်မြေတကွက်၊ နိုင်ငံရေးတချက်မှားရင် ကျွန်တသက်” ဆိုတဲ့ စကားဟာ ဆုံးဖြတ်ချက်မှားယွင်းမှုရဲ့ အကျိုးဆက် ဘယ်လောက်ကြီးမားနိုင်သလဲ ဆိုတာ ဖော်ပြတဲ့ စကားစုတခုထက်ပိုတဲ့ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါနေတာ ဖြစ်ပါတယ်။

စစ်ရေးမှာ အမှားတခု ဖြစ်ပေါ်လာရင် တိုက်ပွဲတခု ရှုံးနိမ့်နိုင်ပါတယ်။ နယ်မြေတခု ဆုံးရှုံးနိုင်ပါတယ်။ စစ်တပ်တခု ဆုတ်ခွာရနိုင်ပါတယ်။ ဒါပေမဲ့ စစ်ရေးအမှားတချို့ဟာ ပြန်လည်ပြင်ဆင်နိုင်တဲ့ အခွင့်အရေး ရှိတတ်ပါတယ်။ နည်းဗျူဟာပြောင်းလဲခြင်း၊ ပြန်လည်တည်ဆောက်ခြင်း၊ အချိန်ယူပြီး ပြန်လည်ရယူခြင်းတို့ ဖြစ်နိုင်ပါတယ်။

သို့သော်လည်း နိုင်ငံရေးမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တခုကတော့ လူထုတရပ်လုံးရဲ့ အနာဂတ်ကို ထိခိုက်စေနိုင်ပါတယ်။ နိုင်ငံရေးဆိုတာ အာဏာရရှိရေးတခုတည်း မဟုတ်ဘဲ လူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်း၊ တရားမျှတမှု၊ လွတ်လပ်ခွင့်၊ လူသားဂုဏ်သိက္ခာတို့နဲ့ ဆက်စပ်နေပါတယ်။ အုပ်ချုပ်စီမံခန့်ခွဲသူတွေရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် မျိုးဆက်များစွာ အခွင့်အရေးနဲ့ တရားမျှတမှု ရပိုင်ခွင့်တွေ ဆုံးရှုံးရနိုင်ပါတယ်။

နိုင်ငံရေးအမြင်မမှန်ခြင်း၊ လူထုအသံကို နားမထောင်ခြင်း၊ အာဏာနဲ့ လုပ်ပိုင်ခွင့်ကိုသာ အဓိကထားခြင်းတို့က နိုင်ငံတနိုင်ငံကို အောက်တန်းနောက်တန်း ကျစေနိုင်ပါတယ်။ လူတဦးတယောက်ရဲ့ အမှားဟာ တဦးတည်းကိုသာ မထိခိုက်ဘဲ၊ ထိခိုက်နိုင်တာမျိုး မဟုတ်ဘဲ လူထုသန်းပေါင်းများစွာရဲ့ ဘဝတွေအပေါ်ကို များစွာသက်ရောက်နိုင်ပါတယ်။ သက်ကို သက်ရောက်ပါတယ်။

ဒါကြောင့်မို့ နိုင်ငံရေးမှာ အမြင်ကျယ်မှု၊ သမိုင်းသင်ခန်းစာယူနိုင်မှု၊ လူထုအကျိုးကို ဦးစားပေးနိုင်မှုတို့ဟာ အလွန်အရေးကြီးပါတယ်။ နိုင်ငံရေးဆုံးဖြတ်ချက်တခုဟာ ယနေ့အတွက်သာမက အနာဂတ်မျိုးဆက်ပေါင်း များစွာအတွက်ပါ သက်ရောက်မှုရှိနေပါတယ်။

စစ်ပွဲတပွဲမှာ ရှုံးနိမ့်မှုက နယ်မြေတခု ဆုံးရှုံးစေနိုင်ပေမဲ့ နိုင်ငံရေးအမှားတခုကတော့ လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံရဲ့ လွတ်လပ်မှုနဲ့ အနာဂတ်ကို အချိန်ကြာမြင့်စွာ ထိခိုက်စေနိုင်ပါတယ်။

ထိခိုက်နေတာကိုလည်း မျက်မြင်ကိုယ်တွေ့ ရှိကြရပြီ မဟုတ်ပါလား။ အဲဒါကြောင့် နိုင်ငံရေးကို တာဝန်ယူမှု၊ ဉာဏ်ပညာနဲ့ ကျင့်သုံးရမဲ့ အရေးကြီးဆုံး လူမှုရေးတာဝန်တရပ်အဖြစ် လေးလေးနက်နက် ရှုမြင်ရကြဖို့  ဖြစ်ပါတယ်။ ပေါ့ပျက်ပျက်တော့ မလုပ်သင့်ပေ။

“စစ်ရေးတချက်မှားရင် နယ်မြေတကွက်၊ နိုင်ငံရေးတချက်မှားရင် ကျွန်တသက်” ဆိုတဲ့ အယူအဆကလည်း အာဏာ၊ ဆုံးဖြတ်ချက်နဲ့ ပြည်သူတွေရဲ့ အနာဂတ်ကြားက ဆက်နွှယ်မှုကို သတိပေးနေတယ်လို့လည်း ခံယူကြဖို့ အရေးကြီးပါတယ်။

စာရေးသူတယောက်အနေနဲ့ ဒီလိုအကြောင်းအရာတွေကို လူထုနားလည်လွယ်အောင် ရေးသားပေးနိုင်ဖို့က တာဝန်ရှိတယ်လို့ ယူဆပါတယ်။

“စစ်ရေးမှာ အနိုင်ရဖို့ လက်နက်နဲ့ မဟာမိတ်တွေရဲ့ ပူးပေါင်းကူညီ ဝန်းရံမှု လိုအပ်ပေမဲ့ နိုင်ငံရေးမှာ အနာဂတ်ကို ကာကွယ်ဖို့ ဉာဏ်ပညာနဲ့ တာဝန်ယူမှုတော့ ကောင်းကောင်း လိုအပ်ပါတယ်”

ဒီနေရာမှာ ကရင်နဲ့ ဗမာကို ဥပမာပေးပြီး ရှင်းပြလိုပါတယ်။ လူမျိုးတမျိုးကို အပြစ်တင်ခြင်း မဟုတ်ဘဲ သမိုင်းထဲက နိုင်ငံရေးဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်ကို နားလည်ဖို့ အနေနဲ့ ကြည့်ရပါမယ်။ လေ့လာရပါမယ်။ ချဥ်းကပ်ရပါမယ်။ ဒါမှ အဖြေမှန်နဲ့ နီးစပ်မှာပါ။

မြန်မာ့သမိုင်းမှာ ကရင်နဲ့ ဗမာဟာ ရာစုနှစ်များစွာ အတူနေထိုင်လာတဲ့ လူမျိုးစုကြီးများထဲက နှစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုလိုနီခေတ်အမွေအနှစ်၊ အမျိုးသားရေးအမြင်ကွာခြားမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ်စနစ်အပေါ် အမြင်မတူမှုတွေကြောင့် နိုင်ငံရေးပြဿနာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

စစ်ရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် ပဋိပက္ခတခုမှာ တိုက်ပွဲတနေရာ ရှုံးနိမ့်ခြင်း၊ နယ်မြေတခု လက်လွှတ်ရခြင်းဆိုတာ စစ်ရေးဆုံးဖြတ်ချက်၊ ဗျူဟာ၊ အင်အားချိန်ခွင်လျှာတို့နဲ့ ဆိုင်ပါတယ်။ အဲဒီလို ဆုံးရှုံးမှုတွေဟာ အချိန်ကြာလာရင် ပြန်လည်ပြင်ဆင်နိုင်တဲ့ အခွင့်အရေး ရှိနိုင်ပါတယ်။

ဒါပေမဲ့ နိုင်ငံရေးအဆင့်မှာတော့ ပိုပြီး နက်ရှိုင်းပါတယ်။ ဥပမာ - လူမျိုးစုတခုရဲ့ အသံကို နားမထောင်ခြင်း၊ တန်းတူညီမျှမှုကို မဖန်တီးပေးနိုင်ခြင်း၊ အားလုံးပါဝင်တဲ့ နိုင်ငံတည်ဆောက်မှု မဖြစ်လာခြင်းတို့က ယုံကြည်မှုကျဆင်းစေပြီး မျိုးဆက်များစွာကြာတဲ့အထိ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဆုံးမသတ်နိုင်တဲ့ စုတ်ချက်ခတ်ကြမ်းကြမ်းတွေ မပြီးဆုံးနိုင်တဲ့ ပန်းချီကားတွေကို တချပ်ပြီးတချပ် ထပ်တိုးစေပါတယ်။

ကရင်နဲ့ ဗမာဆိုတာလည်း “တဖက်နဲ့တဖက် ဆန့်ကျင်သူများ” လို့သာ မမြင်သင့်ပါဘူး။ သမိုင်းထဲမှာ ပူးပေါင်းနေထိုင်မှုတွေ၊ အတူတကွ ရုန်းကန်ခဲ့မှုတွေ၊ ယဉ်ကျေးမှုဖလှယ်မှုတွေလည်း ရှိခဲ့ပါတယ်။ ပြဿနာရဲ့ အဓိကဟာ လူမျိုးတမျိုးနဲ့တမျိုး မတူကွဲပြားတာ မဟုတ်ဘဲ တန်းတူညီမျှမှု၊ အာဏာခွဲဝေမှု၊ ယုံကြည်မှုတည်ဆောက်မှု မလုံလောက်ခြင်း စတဲ့ နိုင်ငံရေးစနစ်ဆိုင်ရာ ကိစ္စတွေ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီစကားစုရဲ့ အဓိပ္ပာယ်က စစ်ရေးအမှားတခုက မြေပုံပေါ်က နယ်နိမိတ်တခုကိုပဲ ပြောင်းလဲစေနိုင်ပေမဲ့ နိုင်ငံရေးအမှားတခုကတော့ လူတွေရဲ့ စိတ်ထဲက ယုံကြည်မှုကိုပါ ပျက်စီးစေပြီး မျိုးဆက်တခုထက်ပိုပြီး အကျိုးသက်ရောက်စေနိုင်တယ် ဆိုတာ ဒုတ်ဒုတ်ထိ သတိချပ်ကြဖို့ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးဆုံးမေးခွန်းကတော့  “ဘယ်လူမျိုးက အနိုင်ရမလဲ” ဆိုတာ မဟုတ်ဘဲ “လူမျိုးအားလုံး နိုင်ငံ‌ရေးအရ တန်းတူလေးစားခံရပြီး ဘယ်လို အတူတကွ ယှဥ်တွဲနေထိုင်ကာ နိုင်ငံတည်ဆောက်မလဲ” ဆိုတာပဲ ဖြစ်သင့်ပါတယ်ခင်ဗျာ….။

စာကြွင်း ။ ။

“စစ်ရေးလည်း မမှားစေချင် ၊ နိုင်ငံရေးလည်း ပန်းဝင်စေချင်ပြီး ပြည်သူလူထုတော်လှန်ရေးကြီးသာ အမြန်အောင်ပါစေကြောင်း ခေါင်းဆောင်ကြီးများကို ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ခင်ဗျား….။

ချစ်မင်းနွဲ့ကြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013