
(NLD ၃၈ နှစ်ပြည့် အထူးဆောင်းပါး)
နိဒါန်း
သားတို့ NLD မှာ အလုပ်လုပ်တာ လစာရသလား။
မြင်းစာကျွေးနေတဲ့ အမေကြီး တယောက်ဆီက ထွက်လာတဲ့ မေးခွန်းပါ။ သူက မေးမှာပေါ့။ သူ့ရဲ့မြေးမလေး နေ့တိုင်း ယူနီဖောင်းနဲ့ အလုပ်သွားနေတာ လကုန်ရင် လစာရတာ အမေကြီး သိတယ်လေ။
ကျနော်တို့လည်း တခါတလေ အဖွဲ့ချုပ်တာဝန်နဲ့ဆိုတော့ ပင်နီတိုက်ပုံနဲ့၊ ကချင်ပုဆိုးနဲ့ ဆိုတော့ လစာရလို့ လုပ်နေတာ ထင်ရှာမှာပေါ့။
အမေ ကျနော်တို့ NLD မှာ တာဝန်ထမ်းဆောင်တာ လစာမရပါဘူးဆိုတော့ အမေကြီးက နားမလည်ဟန်နဲ့ ကျနော့်ကို ပြန်ကြည့်နေပါတယ်။
ကျနော်လည်း ပင်နီတိုက်ပုံကြီး ဟိတ်ကြီးဟန်ကြီးနဲ့ ကျနော့်အမ မယ်ပဆီက တောင်းခဲ့တဲ့ မုန့်ဖိုးလေးနဲ့ ဆိုင်ကယ်ဆီဖိုးလေး သတိရလို့ အိတ်ကပ်လေး ဖိကြည့်မိတယ်။
NLD က တချို့ရဲဘော်တွေ သူငယ်ချင်းတွေက ကျနော့်ကို နည်းနည်းပိုက်ဆံရှိတယ် ထင်ကောင်းထင်နိုင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်က ဘဘ ဦးဝင်းတင်ရဲ့ လူငယ်ဘုံရိပ်သာကို အားကျလို့ ပုဂံကျေးလက်ယာတောအိမ် လူငယ်ဘုံ တည်းခိုရိပ်သာလို့ အမည်ပေးပြီး ပုဂံညောင်ဦးမှာ ဖွင့်လိုက်သေးတာကိုး။ ပုဂံကို လာချင်ပြီး ပိုက်ဆံမရှိရင် မလာကြမှာစိုးလို့၊ ဇီးရိုးဘတ်ဂျက်နဲ့ လာနိုင်အောင်လို့ စီစဉ်လိုက်တာ။
အတော်လေး အဆင်ပြေကြတယ်။ ကျနော့်ဆီ လာလည်ဖူးသူတိုင်း သဘောကျကြတယ်။ အခု ဒီဆောင်းပါးကို ဖတ်မိရင် သူတို့ လွမ်းကြလိမ့်မယ်။ ကျနော်လည်း သူတို့ကို လွမ်းမိလို့ ဒီဆောင်းပါး ရေးဖြစ်တာပါ။
ကံကောင်းတဲ့သူတွေတော့ မီလိုက်ကြတယ်။ တချို့ ဂျပန်က ညီလေး၊ ကိုရီးယားက သူငယ်ချင်းတွေ၊ ရန်ကုန်က သူငယ်ချင်းတွေ မလာလိုက်ကြရဘူး။
တော်လှန်ရေး ပြီးရင်တော့ အားခဲထားကြမယ် ထင်ပါရဲ့။
အဲဒီမှာ သူ့ရဲ့သားကြီး ကိုဇော် မြင်းလှည်းဆရာက မြင်းလှည်းထွက်ဖို့ ပြင်နေပြီ။ ကျနော့်ကို နှုတ်ဆက်ပြီး သူ့မိသားစု စားဝတ်နေရေးအတွက် မြင်းလှည်းမောင်းကာ ထွက်သွားလေရဲ့။
ပုဂံညောင်ဦး အ.ထ.က မှာ ကျောင်းတက်တုန်းက ကျနော်တို့ကို ဓာတုဗေဒ သင်ပေးတဲ့ ဆရာဆီ အလည်သွားတုန်းက မှတ်မှတ်ရရလေး အမေးခံခဲ့ရတဲ့ မေးခွန်းလေး ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် ပြန်သတိရမိတယ်။
လူငယ်တွေဟာ သူတို့ယုံကြည်ချက်အတွက်ဆို လစာမလိုဘူး၊ ပိုက်ဆံမလိုဘူး။
ရာထူးမလိုဘူး။ အာဏာမလိုဘူး။ အလုပ်ဖြစ်ဖို့နဲ့၊ အိပ်မက်နဲ့ မျှော်လင့်ချက်ရောင်နီပဲ လိုပါတယ်။
အဲဒီနေ့က ကျနော် ဘာတွေ ပြန်ဖြေခဲ့လဲ အားလုံး မမှတ်မိနိုင်ဘူး မဟုတ်လား။
ဒါပေမဲ့ ကျနော် ပြောပြချင်တဲ့ NLD လူငယ်ဘဝ ဖြတ်သန်းမှုတွေဟာ ရသမျိုးစုံ ပါဝင်ပတ်သက်နေတယ် ဆိုတာ အခုအချိန် တော်လှန်ရေးကာလက သက်သေခံလျက်ပါပဲ။
NLD လူငယ်တွေဟာ ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လျှောက်လှမ်းနေကြမယ် ဆိုတာ ကျနော် ယုံပါတယ်။ ဒီဆောင်းပါးကနေလည်း ရဲဘော်ရဲဘက် သူငယ်ချင်းအားလုံးကို သတိရတာရော အဖွဲ့ချုပ်ကြီးကို ဂုဏ်ပြုဦးညွှတ် သတိရ လွမ်းဆွတ်တာတွေရော ထုံမွှမ်းနေမှာပါပဲ။
NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) တည်ထောင်ပြီး ၃၈ နှစ်ပြည့်တဲ့နေ့မှာ၊ လူငယ်မျိုးဆက်ဟောင်း တယောက်အနေနဲ့ တော်လှန်ရေးခရီးကို ဆက်လက်လျှောက်နေခြင်းဟာ သမိုင်းကြောင်း၊ အတွေ့အကြုံ၊ အမှတ်တရများနဲ့ အနာဂတ်အတွက် အာမခံချက်တခုအဖြစ် ထင်ဟပ်နေတယ်လို့ ကျနော် ခံစားရပါတယ်။
တော်လှန်ရေးခရီးစဉ်အတွင်း လူငယ်အခန်းကဏ္ဍ
NLD တည်ထောင်ချိန်ကတည်းက လူငယ်တွေဟာ အဓိကအားဖြင့် လှုပ်ရှားမှုများ၊ စည်းရုံးရေးများ၊ စာပေ၊ ဂီတ၊ အနုပညာတွေတဆင့် တိုက်ပွဲဝင်ခဲ့ကြတာ တွေ့ရပါတယ်။
လူငယ်မျိုးဆက်ဟောင်းတွေဟာ ဒီမိုကရေစီ ဖက်ဒရယ်အတွက် တိုက်ပွဲဝင်ခြင်းဟာ သာမန်အလုပ်မဟုတ်ဘဲ ဘဝတသက်တာတခုလုံးအတွက် အဓိကအမှန်တရား တည်ဆောက်ရေး လုအ်ငန်းစဉ်အဖြစ် ရှုမြင်ပြီး တိုက်ပွဲဝင်နေတာပါ။
အတွေ့အကြုံများနဲ့ အမှတ်တရများ
တော်လှန်ရေးခရီးမှာ တချို့က အကျဉ်းထောင်ထဲကနေ ဖြတ်သန်းနေကြရပါတယ်။ တချို့က ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတယ်။
တချို့က မိသားစုနဲ့ ကွဲကွာဟမှုနဲ့ ကြုံတွေ့ရတယ်။ တချို့က မမျှော်လင့်ဘဲ အကြွေးတွေတင်ပြီး စိတ်ဆင်းရဲစွာ ဖြတ်သန်းနေကြရပါတယ်။
ဒီနေရာမှာ ကျနော် တခု သတိထားမိတာတခု ရှိပါတယ်။ လူတွေဟာ နိုင်တဲ့သူဆို ပိုဖိထောင်းချင်၊ ပိုပြီးဝေဖန်ချင်၊ ပိုပြီးအပြစ်တင်ချင်ကြပါတယ်။ အထူးသဖြင့် NLD ဆို တော်ဝေဖန်ချင် အပြစ်တင်ချင်ကြတာ တွေ့ရပါတယ်။ တဖက်မှာလည်း ချစ်ခင်ပြီး စောင့်ရှောက်ကူညီကြတာလည်း ရှိပါတယ်။
အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေဘက်ကဆို NLD အပေါ် မြင်တဲ့အမြင်တွေ ကောင်းမနေတာ တွေ့ရပါတယ်။ ကျနော်တို့ သတိထားပြီး ပြောဆိုဆက်ဆံရပါတယ်။ သူတို့ ရထားတဲ့ အချက်အလက်အမှားတွေနဲ့ စစ်ရေးအခြေခံ စဉ်းစားချက်တွေကြောင့်လို့ နားလည်ရပါတယ်။
နောက်တချက်က လူမျိုးအခြေပြု စဉ်းစားချက်ပါ။ NLD ဆိုတာ ဗမာဖြစ်လို့ စစ်တပ်နဲ့ရောထွေးပြီး အမုန်းခံရတာ။ အသလွတ်ကြီးကို ကြည့်မရနေတာမျိုးပါ။ နောက်ပြီး သူတို့နဲ့ ထိတွေ့ရတဲ့ လွှတ်တော်အမတ်တွေရဲ့ နိုင်ငံရေးပါးမဝတဲ့ အချက်တွေကြောင့် ကြံ့ခိုင်ရေးနဲ့ တတန်းတည်းထားပြီး အပြောခံရတာမျိုးတွေ ကြုံရပါတယ်။
ဘာပဲဖြစ်ဖြစ် အဲဒီအခက်အခဲတွေဟာ ဒီမိုကရေစီအတွက် တန်ဖိုးရှိတဲ့ အမှတ်တရများ ဖြစ်ခဲ့ပါပြီ။
လူငယ်မျိုးဆက်ဟောင်းတယောက်အနေနဲ့ အဲဒီအတွေ့အကြုံတွေကို မျိုးဆက်အသစ်များထံ ပြန်လည်မျှဝေခြင်းက တော်လှန်ရေးခရီးစဉ်အတွင်း အဓိကအခန်းကဏ္ဍတခုအဖြစ် ရှိနေပါတယ်။ ဒီတာဝန်ကို ကျနော်တို့ ထမ်းဆောင်ကြရဦးမှာပါ။
အနာဂတ်အတွက် အာမခံချက်
ဒါဆိုရင် NLD အဖွဲ့ချုပ်ထဲဝင်ပြီး အလုပ်လုပ်ရင် ဘာမှ အခွင့်အလမ်း မရှိတော့ဘူးလား။
အဲဒီလိုတော့ မဟုတ်ပါဘူး။ အဲဒါဆို NLD သမိုင်းကို တချက် အနည်းငယ်ပြန်ကြည့်ဖို့၊ နားလည်ဖို့ လိုပါတယ်။
NLD သမိုင်းတစေ့တပိုင်း
စတင်ဖွဲ့စည်းခဲ့တာက (၁၉၈၈) ခုနှစ်၊ ၈၈၈၈ အရေးတော်ပုံနောက်ပိုင်း ဒေါင်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးအောင်ကြီးတို့က National League for Democracy (NLD) ကို ၁၉၈၈ စက်တင်ဘာ ၂၇ တွင် တရားဝင်ဖွဲ့စည်းခဲ့ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲ
NLD ဟာ အများပြည်သူ၏ မဲအများစုရရှိခဲ့သော်လည်း စစ်အာဏာရှင်က ရလဒ်ကို ငြင်းပယ်ခဲ့ပါတယ်။
၂၀၁၂ By-election
NLD ဟာ ၄၄ မဲဆန္ဒနယ်ထဲမှ ၄၃ မဲဆန္ဒနယ် အောင်မြင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူး မဲဆန္ဒရှင်ရဲ့ ကိုယ်စားလှယ်ကို ရရှိခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲ
NLD ဟာ လွှတ်တော်ကိုယ်စားလှယ်နေရာအများစုရရှိပြီး ၅၄ နှစ်အကြာမှာ ပထမဆုံး စစ်တပ် မဟုတ်ဘဲ အရပ်သား သမ္မတကို တရားဝင် ထွက်ပေါ်စေခဲ့တဲ့ တခုတည်းသော အဖွဲ့ချုပ်ကြီးအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။ အဲဒီသမိုင်းဟာ NLD မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ မျိုးဆက်ဟောင်းတွေ မျိုးဆက်သစ်တွေရဲ့ အသက်သွေးချွေးက ရလာတဲ့ တန်ဖိုးရလဒ်တွေ အောင်မြင်မှုတွေပါလို့ ပြောရင် ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။
၂၀၂၁ အာဏာသိမ်းမှု
NLD အောင်မြင်မှုနောက်ပိုင်း စစ်တပ်က အာဏာသိမ်းခဲ့ပြီး NLD အဖွဲ့ဝင်တွေဟာ CRPH နဲ့ NUG တည်ထောင်ရာမှာ အဓိကအခန်းကဏ္ဍကနေ တာဝန်ယူနိုင်ခဲ့ကြပါတယ်။ ဒါဟာ NLD ဟာ ခိုင်မာတဲ့ စစ်တပ်နဲ့ပြိုင် ရင်ဆိုင်နိုင်တဲ့ အင်စတီကျူးရှင်းတခုအဖြစ် မှတ်ယူနိုင်ပါတယ်။
အဲဒီအင်စတီးကျူးရှင်းထဲမှာ စစ်တပ်ကို အပြိုင်ရင်ဆိုင် အန်တုနိုင်အောင် ကျားကန်ပေးနိုင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဟာလည်း လူငယ်သမိုင်းစာမျက်နှာတွေမှာ ထင်ဟပ်နေမှာပါ။ PDF ကတော့ ပိုပြီးကျယ်ပြန့်တာ တွေ့ရမှာဖြစ်ပြီး NLD တခုတည်းနဲ့ လွှမ်းခြုံနိုင်မှာမဟုတ်ဘဲ အမျိုးသားတရပ်လုံးရဲ့ ထွက်ရပ်ဂိုဏ်းကဲ့သို့ အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ မြစ်တစင်းပါ။
မျိုးဆက်အသစ်များအတွက် ဥပမာတခုအဖြစ် ရပ်တည်နေပြီး၊ တော်လှန်ရေးခရီး မပြီးဆုံးသေးကြောင်း သက်သေပြလျက် ရှိပါတယ်။ ဒီမိုကရေစီ အောင်မြင်ရေးအတွက် မျိုးဆက်တိုင်း ဆက်လက်ပါဝင်ရမည်ဟု အာမခံချက်ပေးလျက်ပါ။
ဒီမိုကရေစီ အောင်မြင်ရေးအတွက် မျိုးဆက်အသစ်များကို လမ်းညွှန်ပေးတဲ့ အလင်းတိုင်တခုအဖြစ် ဆက်လက်တည်ရှိနေဦးမည် ဖြစ်ပါတယ်။
၂၀၂၁ Spring Revolution
CDM (Civil Disobedience Movement) မှ စတင်ပြီး လူထု၊ ကျောင်းသား၊ အလုပ်သမားများ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။
အစောပိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပေမဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် အများစုက လက်နက်ကိုင် တော်လှန်ရေးသို့ ကူးပြောင်းခဲ့ကြပါတယ်။
လူငယ်တွေဟာ ကျောင်းသားသမဂ္ဂများ၊ အလုပ်သမားသမဂ္ဂတွေနဲ့ပူးပေါင်းပြီး ဆန္ဒပြ၊ CDM၊ လက်နက်ကိုင် တော်လှန်ရေးတွင် လူငယ်တွေဟာ Spring Revolution မှာ အဓိက ဦးဆောင်အခန်းကဏ္ဍ ယူခဲ့ပြီး NUG နဲ့ Ethnic Revolution Organizations (EROs) တို့နဲ့ ပူးပေါင်းခဲ့ကြပါတယ်။
NLD သမိုင်း ဟာ ၁၉၈၈ မှစပြီး မြန်မာ့ဒီမိုကရေစီတော်လှန်ရေးမှာ အဓိကအခန်းကဏ္ဍယူခဲ့ပြီး လူငယ်အခန်းကဏ္ဍဟာ အစဉ်အဆက် တော်လှန်ရေးများမှာ အဓိကအင်အားဖြစ်ခဲ့ပါတယ်။
ကျနော့်အတွက်တော့ NLD ရက်စွဲသမိုင်းတွေဟာ ကျနော့်ကို ဂုဏ်ယူစရာ ဘဝစာမျက်နှာတွေ အဖြစ်ရော နွေးထွေးပျော်ရွှင်စရာ အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းခွင့်ရခဲ့တဲ့ ဘဝမှတ်တိုင်တွေအဖြစ် ကျန်ရှိနေဦးမှာ ဖြစ်သလို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အောင်မြင်ရေးအတွက် မျိုးဆက်အသစ်များကို လမ်းညွှန်ပေးတဲ့ အလင်းတိုင်တခုအဖြစ် ဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပါတယ်။
ချစ်မင်းနွဲ့ကြည်
(NLD လူငယ်မျိုးဆက်ဟောင်း)
၂၇၊ စက်တင်ဘာ၊ ၂၀၂၆ ခုနှစ်။










