
အီရန်စစ်ပွဲမှာ အမေရိကန်က တနည်းမဟုတ်တနည်း အနိုင်ရပြီး မကြာခင် စစ်ပွဲပြီးဆုံးမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်နဲ့ အီရန် နှစ်ဖက်စလုံးက ကြားခံညှိနှိုင်းသူတွေကတဆင့် စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေပါတယ်။
ထရမ့်ပ်က “ကျနော်တို့ အနိုင်ရမှာပါ။ ကျနော့်အမြင်အရ တနည်းမဟုတ်တနည်း အနိုင်ရမှာဖြစ်ပြီး အတော်လေးမြန်မြန် ပြီးသွားမှာပါ”လို့ စက်တင်ဘာ ၂၈ ရက် အိမ်ဖြူတော်မှာ ပြောပါတယ်။
အမေရိကန် ညှိနှိုင်းရေးအဖွဲ့က အဲဒီနေ့မှာပဲ ကြားခံညှိနှိုင်းသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ထရမ့်ပ်က အတည်ပြုပါတယ်။
အီရန် တာဝန်ရှိသူတွေကလည်း ကြားခံညှိနှိုင်းသူတွေနဲ့ သီးခြားဆွေးနွေးခဲ့ပြီး ၇ လကြာ စစ်ပွဲအဆုံးသတ်ဖို့ နောက်ထပ်ကြိုးပမ်းနေတာပါ။
နောက်ထပ် ဆွေးနွေးမှုတွေမှာ ကုလသမဂ္ဂအထွေထွေညီလာခံကာလ အီရန် တင်ပြခဲ့တဲ့ အစီအစဉ်ကို ပြင်ဆင်ထားတဲ့ အဆိုပြုချက်အပေါ် အဓိကထားမယ်လို့ သိရပါတယ်။
အဲဒီအစီအစဉ်ကို အမေရိကန်ဘက်က သဘောတူရင် ၇ ရက်အတွင်း ဒေသတွင်းတိုက်ခိုက်မှုတွေ ရပ်တန့်ပြီး ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ဖို့ ရည်ရွယ်ထားတာပါ။
အီရန်ပိုင် ဒေါ်လာဘီလီယံနဲ့ချီတဲ့ ငွေကြေးတွေ ပြန်လွှတ်ပေးဖို့၊ အီရန်ရေနံအပေါ် အရေးယူပိတ်ဆို့မှုနဲ့ အီရန်ဆိပ်ကမ်းတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ရုပ်သိမ်းဖို့လည်း တောင်းဆိုထားပါတယ်။
အဲဒီအခြေအနေတွေ ပြည့်မီရင် အီရန်က ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပြီး ၂ နိုင်ငံကြား နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးမှုတွေကိုလည်း ပြန်စဖို့ ရှိပါတယ်။
ထရမ့်ပ်က အီရန်ရဲ့ အဆိုပြုချက်ကို စက်တင်ဘာ ၂၆ ရက်မှာ ပယ်ချခဲ့ပေမဲ့ ဒီတပတ်ထဲ နောက်ထပ် ဆွေးနွေးမှုတွေရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရာချီကတော့ “အမေရိကန်တွေက သဘောတူညီချက် ဒါမှမဟုတ် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်ကို ရှာနေတယ်ဆိုရင် ကျနော်တို့က အဲဒီဖြေရှင်းချက်ကို တင်ပြထားပြီးသားပါ” လို့ ပြောထားပါတယ်။
Source: Reuters










