
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSAနဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ကျရောက်တကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စုအတွင်းမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစတင်ပြီး ဖြစ်ပွားနေတာပါ။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလောဝိုင်းကျေးရွာက ကိုယ်ဝန် ၈ လလွယ်ထားတဲ့ မိခင်တစ်ဦးအပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေရွာသားတွေက DVB ကို ပြောပါတယ်။
RCSS/SSA နဲ့ TNLA၊ SSPP ပူးပေါင်းတပ်ဖွဲ့ကြား ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ကလောဝိုင်း၊ တောင်ပလို့၊ ကုန်းသာရွာသစ်၊ တုန်ခံ၊ တော့ဆန်၊ စံဟိန်း တောင်ရွာ စံဟိန်း မြောက်ရွာက ပြည်သူလူထု တစ်ထောင်ကျော်ဟာ ပန်စံ၊ တော့ဆန်၊ ကန့်ကန်၊ အုမ်းငမ်းကျေးရွာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။