
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်မှာ ဒီနေ့မနက်က စစ်အာဏာရှင် အလိုမရှိကြောင်း ၁၀ ရက်မြောက်နေ့ ဒေသခံထောင်ချီ ဆန္ဒပြခဲ့ကြပြီး သံဃာတော်တွေ ပါဝင်လာတယ်လို့ သိရပါတယ်။
သံဃာတော်တွေ ဦးဆောင်တဲ့ တက္ကသိုလ်ကောလိပ်ပေါင်းစုံ ကျောင်းသားတွေ၊ သမဝါယမဌာန၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ ကျေးလက်ဝန်ထမ်းတွေ၊ ဆည်မြောင်းနဲ့ ရေအသုံးချရေးဝန်ထမ်းတွေ၊ မြေအသုံးချရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းတွေ၊ လူငယ်တွေအပြင် နွားထိုးကြီး၊ ပြင်စည်၊ ဝက်လူး၊ ရွာကြီးမြို့နယ်ခွဲတွေက ကျေးလက်ပြည်သူတွေ ပါဝင်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်တာ ၁၀ ရက်မြောက်ပေမယ့် အင်အားမကျသွားဘူးလို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
သပိတ် သပိတ် မှောက်မှောက်၊ ဒီမိုကရေစီရရှိရေး၊ ဖမ်းဆီးထားသူ ချက်ချင်းလွှတ်၊ စစ်အာဏာရှင်ကျဆုံးရေး၊ ရုံးမတက်နဲ့ ရုန်းထွက်၊ အရေးတော်ပုံ အောင်ရမည်၊ အမေစုကျန်းမာပါစေ၊ သမ္မတကြီးကျန်းမာပါစေ စတဲ့ ကြွေးကြော်သံတွေ ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသူတွေက အစိုးရ ဝန်ထမ်းတွေ CDM မှာ ပါဝင်ရေး လှုံ့ဆော်ခဲ့ကြတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။
ဇာဇာမောင်










