
ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့ ပတ္တယားကမ်းခြေ လူစည်ကားရာအရပ်မှာ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ ခိုက်ရန်ဖြစ်ပွားဖို့ လာရောက်စုဝေးစဉ် တာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မတ် ၁၅ ရက် ည ၁၁ နာရီကျော် သန်းခေါင်ယံနီးပါးချိန်က ပတ္တယားကမ်းခြေ Working street လမ်း ဆယမ်ဘေရှောဟိုတယ်ရှေ့မှာ ရွှေ့ပြောင်းလုပ်သားတစု တုတ်ဓားလက်နက်တွေနဲ့အတူ ခိုက်ရန်ဖြစ်ပွားဖို့ စုဝေးနေကြောင်း သတင်းပေးပို့ချက်ရတာကြောင့် နယ်မြေလုံခြုံရေး၊ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ပတ္တယားဖူးထွဏ်းနယ်မြေ ရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားချိန် အဆိုပါလူစုဟာ ကစဉ့်ကလျားနဲ့ ဆိုင်ကယ်စီးပြီး ထွက်ပြေးသွားကြတယ်။
လိုက်လံဖမ်းဆီးရာမှာ ၉ ယောက်ကိုသာ ဓားရှည်တလက်၊ ဓားမြောင် တလက်နဲ့အတူ ဖမ်းမိခဲ့တယ်၊ အဲဒီထဲမှာ မြန်မာ ၂ ယောက်၊ ကရင် ၃ ယောက်ပါပြီး ကျန် ၅ ယောက်ကို နိုင်ငံသားစိစစ်ဆဲလို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူတို့တွေဟာ အရင်က ရန်ငြိုးရန်စရှိခဲ့ဖူးတဲ့အဖွဲ့နဲ့ စာရင်းရှင်းဖို့ အဲဒီ နေရာမှာ လာရောက်ချိန်းဆိုကြတယ်၊ စုစုပေါင်း လူ ၂၀ လောက်ရှိတယ်၊ ဘာမှ မလုပ်ရသေးဘူး၊ လူစုနေတုန်းပဲလို့ ဝန်ခံပြောဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ ၉ ယောက်လုံးကို ပတ္တယားနယ်မြေရဲစခန်းမှာ ခိုက်ရန်ဖြစ်ပွားရန် ဆူပူမှုနဲ့ ထိန်းသိမ်းထားပြီး လွတ်မြောက်နေတဲ့သူတွေ အားလုံးကိုလည်း ဆက်လက်ရှာဖွေဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
အဲဒီညထဲမှာပဲ ရေကြောင်းကယ်ဆယ်ရေးစင်တာရုံးနားမှာ သံသယရှိတဲ့ လူငယ်တချို့ကို ထပ်မံဖမ်းဆီးခဲ့တယ်၊ သူတို့ကတော့ ဘန်းဆဲန်နယ်မြေကနေ အလည်လာတာ၊ ရန်ဖြစ်မှုနဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုထားပေမဲ့ တာဝန်ရှိသူတွေကတော့ ခေါ်ယူစစ်ဆေးနေတယ်လို့ NBT11 သတင်းမှာ ဖော်ပြသွားပါတယ်။
Source: NBT11 / The Pattaya News










