DVB Logo
Home
မြန်မာသတင်း
ထားဝယ် ဆန္ဒပြပွဲပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်အချို့ကို ကူညီစောင့်ရှောက်ထား
DVB
·
February 17, 2021
ထားဝယ် ဆန္ဒပြပွဲပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်အချို့ကို ကူညီစောင့်ရှောက်ထား
1 / 4
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တချို့ အဖမ်းမခံရရေးအတွက်  CDM ကိုထောက်ခံသူတွေက ကူညီစောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဝန်ထမ်းတွေကို လက်ရှိမှာ ကူညီထောက်ပံ့ပေးထားတာတွေ ရှိတယ်လို့  CDM ထောက်ခံသူတဦးက ပြောပါတယ်။

“လက်ရှိမှာ နေဖို့အဆင်မပြေတဲ့သူတွေကို နေဖို့ကူညီပေးမယ်၊ စားဖို့အဆင်မပြေရင် စားဖို့ လုပ်ပေးတယ်၊ ငွေရေးကြေးရေးကတော့ သူတို့ လစာမရတာ သေချာသွားပြီဆိုရင် လကုန်လောက်မှာ ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်။ အခု သူတို့ နေဖို့စားဖို့ စီစဉ်ပေးပြီးပြီဆိုတော့ ဆန္ဒပြတာမှာ သွားတာလာတာကတော့ သူတို့ သဘောအတိုင်းပါပဲ။ အခုက ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေတော့ ထွက်လာနေတော့ ဌာနစုံရဲ့စာရင်းကိုတော့ ပြောလို့မရသေးဘူး။” 

ရဲဝန်ထမ်းအချို့ CDM ပါဝင်ခဲ့တဲ့အပေါ် အမည်မဖော်လိုတဲ့ ရဲအရာရှိတဦး “CDM မှာပါတဲ့ ရဲဝန်ထမ်းတချို့ကို ကော်မတီက စောင့်ရှောက်ထားတယ်လို့ ကြားတယ်။ ဖမ်းမမိသေးပါဘူး။ ရဲဝန်ထမ်းတွေက တခြားဌာနတွေနဲ့မတူဘူး။ ခွင့်မဲ့ ၁ ရက်ပျက်ကွက်တာနဲ့ ပြစ်ဒဏ်ချခံရတယ်။ သူတိုလာအဖမ်းခံရင်တော့ ရဲစည်းကမ်းဥပဒေအရ အရေးယူခံရမှာပေါ့။” လို့ ပြောပါတယ်။

ထားဝယ်မြို့မှာ အာဏာရှင်စစ်အစိုးရ ပြုတ်ကျရေးနေ့စဉ် ပြည်သူ၊ ကျောင်းသား၊ CDM ဝန်ထမ်းတွေအပါဝင် အင်အား သိန်းချီ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ထားဝယ်ခရိုင်တခုလုံးက ပါဝင်လာတဲ့ ပညာရေးဝန်ထမ်း ခန့်မှန်း ၃၀၀ ကျော်အပါအဝင် ကျန်တဲ့ဌာနပေါင်းစုံ ၁၆၀ လောက်ရှိတယ်လို့ သိရပါတယ်။

ဒီနေ့မနက်မှာလည်း ထားဝယ်ခရိုင် ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေးဖြူ လေးမြို့နယ် ပေါင်းပြီး ကျောင်းသားတွေ၊ ထွေအုပ်ဝန်ထမ်း၊ ရှေ့နေတွေ၊ အင်ဂျင်နီယာအဖွဲ့၊ အခြားဌာနတွေက ပြည်သူတွေစုပေါင်းကာ စစ်အာဏာရှင်အလိုမရှိကြောင်း အင်အားသိန်းချီ သပိတ်စစ်ကြောင်းနှစ်ခုခွဲပြီး ဥတ္တတားကြီးစုရပ်ကနေ မြို့တွင်းလှည့်လည် ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင် ၇ ဦးနဲ့ ယာဉ်ထိန်းရဲ ၁ ဦး ပထမဆုံးအကြိမ် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်ခဲ့ကြတာပါ။

ကိုရန်နိုင်(ထားဝယ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013