
အမေရိကန် ရက်ပ်အဆိုတော် ကန်ယီဝက်ကို ဗြိတိန်နိုင်ငံက ခရီးသွားခွင့် ပိတ်ပင်လိုက်တာကြောင့် လန်ဒန်ရဲ့ ဇူလိုင်လမှာပြုလုပ်မဲ့ wireless festival ပွဲပြုလုပ်မှုကို ဖျက်သိမ်းခဲ့ရပါတယ်။
ကန်ယီဝက်ဟာ ဂျူးလူမျိုး ဆန့်ကျင်ရေး မှတ်ချက်တွေနဲ့ နာဇီဝါဒ အောင်ပွဲခံမှုတွေကြောင့် အခုလို ပိတ်ပင်ခံခဲ့ရတာပါ။
ဧပြီ ၇ ရက်က ကန်ယီဝက်ရဲ့ ဗြိတိန်နိုင်ငံ ဝင်ရောက်ခွင့်နဲ့ ဖျော်ဖြေခွင့်ကို ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ပွဲတော် ကျင်းပရေးအဖွဲ့က ပြောပါတယ်။
ဒါ့ကြောင့် ၃ ရက်ကြာ လုပ်မဲ့ပွဲကိုလည်း ဖျက်သိမ်းခဲ့ပြီး လက်မှတ်ဝယ်ယူထားသူတွေကိုလည်း ငွေပြန်အမ်းခဲ့တယ်လို့ ဆိုပါတယ်။
ကန်ယီဝက်လိုလူမျိုးကို မဖိတ်ကြားသင့်ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြောဆိုခဲ့ပြီးနောက် အဲဒီပွဲကို စပွန်ဆာပေးတဲ့ ကုမ္ပဏီတွေ နုတ်ထွက်ခဲ့သလို နိုင်ငံဝင်ခွင့် ဆုံးဖြတ်ပေးနေတဲ့ အစိုးရအဖွဲ့ အပေါ်လည်း ဖိအားကြီးမားစေခဲ့ပါတယ်။
စတာမာက “ကျနော်တို့ဟာ လူထုနဲ့ သူတို့ရဲ့တန်ဖိုးကို ကာကွယ်ဖို့ လိုအပ်မယ်ဆိုရင် အမြဲတမ်း လုပ်ဆောင်ဖို့ အသင့်ရှိရပါမယ်” လို့ ပြောပါတယ်။
ကန်ယီဝက်ဟာ အင်္ဂါနေ့ အစောပိုင်းက ဗြိတိန်နိုင်ငံရဲ့ ဂျူးအဖွဲ့အစည်းနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပြီး သူ့ရည်ရွယ်ချက်က လန်ဒန်ကိုလာမယ်၊ ပြောင်းလဲတာတွေကို တင်ဆက်ပေးမယ်လို့ ဆိုပါတယ်။
စည်းလုံးမှုတွေ၊ ငြိမ်းချမ်းမှုတွေနဲ့ ချစ်ခြင်းတွေကို ဂီတတွေနဲ့ ယူဆောင်လာမယ်လို့ ကန်ယီဝက်က ပြောပါတယ်။
ကန်ယီဝက်က “ဗြိတိန်မှာရှိတဲ့ ဂျူးလူမျိုး အဖွဲ့အစည်းတွေနဲ့ အပြင်မှာ တွေ့ခွင့်ရမဲ့ အခွင့်အရေး အတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်ရဲ့ ပြောင်းလဲမှုတွေကို စကားလုံးတွေနဲ့ ဖော်ပြတာ မလုံ လောက်ပါဘူး။ ကျနော့်ကို လာခွင့်ပြုရင် လာမှာပါ” လို့ ပြောခဲ့တာပါ။
ကန်ယီဝက်ဟာ အမေရိကန်နဲ့ မက္ကဆီကိုတို့မှာ ဖြေဖျော်ပွဲတွေ ဒီနှစ်မှာ ပြုလုပ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက နာဇီဝါဒကို မြှင့်တင်တဲ့ သီချင်းဖြစ်တဲ့ “ဟိုင်းဟစ်တလာ” သီချင်းကြောင့် ဩစတြေးလျ က ပိတ်ပင်ခဲ့ပါတယ်။
ဒါ့အပြင် ကန်ယီဝက်ဟာ နာဇီသံကြက်ချေတံဆိပ်ပါတဲ့ တီရှပ်ကိုလည်း သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ရောင်းချဖို့ ကြော်ငြာခဲ့ပါသေးတယ်။
အသက် ၄၈ နှစ်အရွယ်ရှိ ကန်ယီဝက်ဟာ ၂၀၁၅ ခုနှစ်ကတည်းက ဗြိတိန်မှာ ဖျော်ဖြေခွင့်မရှိခဲ့တာ ဖြစ်ကြောင်း CNA က ဖော်ပြပါတယ်။
Source:Reuters










