
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ စစ်အာဏာရှင်တပ်က မွတ်စလင် ၃ ယောက်ကို နေအိမ်တွေကနေ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ စစ်တွေမြို့နယ်၊ အင်ဗာရီချေကျေးရွာက ဆိုယောအာလောင် အသက် (၃၅ နှစ်)၊ ဗေဟူဆောင်း အသက် (၄၂ နှစ်) နဲ့ သက္ကယ်ပြင်ကျေးရွာက ဇော်မိရ်ဟူဆောင်း အသက် (၃၇ နှစ်) တို့ ဖြစ်ကြပါတယ်။
စစ်တွေမြို့ထဲက စစ်သား၊ ရဲနဲ့ စရဖ က မွတ်စလင်ကျေးရွာတွေကို ဇူလိုင် ၆ ရက်နဲ့ ၉ ရက်အတွင်းမှာ နေအိမ်တွေကို ဝင်ရောက်ကာ လက်နက်နဲ့ခြိမ်းခြောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ စစ်တွေဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“၆ ရက်နေ့က သက္ကယ်ပြင်က မွတ်စလင်တယောက်ကို ဖမ်းတယ်။ အင်ဗာရီချေရွာကိုကျတော့ ၈ ရက်နေ့က မှန်စီလမ်းဆုံရဲစခန်းကနေ ရဲတွေဝင်ပြီး မွတ်စလင် ၂ ယောက်ကို ဖမ်းတယ်။ သူတို့ဝင်လာပြီဆို ဝိုင်းထားတယ်။ သေနတ်ပြ ရိုက်နှက်ဖမ်းတယ်။”
စစ်အာဏာရှင်တပ်ဟာ စစ်တွေက မွတ်စလင်တွေကို အကြောင်းအမျိုးမျိုးပြကာ ဆက်တိုက် ဖမ်းဆီးနေတဲ့အတွက် မွတ်စလင်ကျေးရွာတွေမှာ နေထိုင်သူတွေ စိုးရိမ်နေကြတယ်လို့ မွတ်စလင်အမျိုးသားတယောက်က ပြောပါတယ်။
“ပြီးခဲ့တဲ့လနဲ့ အခုလ ဖမ်းဆီးမှု တအားများတာ။ မူးယစ်ဆေးရောင်းတယ်လို့ စွပ်စွဲပြီးဖမ်းတယ်။ AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းတယ်။ နေရင်းထိုင်ရင်း အိမ်ကိုဝင်စစ်ပြီး ဆွဲခေါ်ပြီး ဖမ်းဆီးတယ်။ ကျနော်တို့လည်း ကြောက်တာပေါ့။”
စစ်အာဏာရှင်တပ် ထိန်းချုပ်ထားဆဲ စစ်တွေမြို့မှာ မွတ်စလင်တွေကို (AA) နဲ့ ဆက်စပ်မှု သံသယနဲ့ ဖမ်းဆီးထားတာ ရာနဲ့ချီရှိနေပြီး စစ်သင်တန်းတွေကို ပို့ဆောင်ခံနေရတယ်လို့ မွတ်စလင်အသိုက်အဝန်းဆီက သိရပါတယ်။










