
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီနေ့ ၈ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင် ထိုင်သပိတ်နဲ့ ဆန္ဒပြခဲ့သူတချို့ကို ရဲတပ်ဖွဲ့က အဓမ္မဖမ်းဆီးသွားပါတယ်။
ဒီနေ့ ရဲတွေက နေရာတကာမှာ ပိတ်ဆို့တားဆီးထားတာကြောင့် ထိုင်သပိတ်အတွက် စုရုံးနေတုန်းမှာပဲ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၁ ယောက်ကို အတင်းဖမ်းဆီး ကားနဲ့ ခေါ်သွားတာပါ။
ဖမ်းဆီးခံရပြီးနောက်စုရုံးနေသူ လူငယ်တဦးက “ကျနော်တို့ ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတယ်။ ဘာမှ အဓိကရုဏ်းဖြစ်အောင်မလုပ်ဘူး။ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို အစ်ကိုတို့က ဘာလို့ အဓိကရုဏ်းတွေဖြစ်အောင် လုပ်တာလဲ။ အစ်ကိုတို့ စည်းတားထားလို့ ကျနော်တို့က ကျော်လာလို့ ဖမ်းတာဆိုရင် တမျိုး၊ စည်းက အခုမှတားတယ်။ စောစောကပဲ ဝင်ဖမ်းတယ်။ ဒါကို အစ်ကိုတို့ တရားတယ်လို့ ခံစားမိလား။ အစ်ကိုတို့ဦးနှောက်ထဲမှာ ပြန်စဉ်းစားပါ။ အခုလုပ်ရပ်ဟာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ကိုက်ညီလားလို့။ အစ်ကိုတို့လည်း ဖြစ်နိုင်ရင် ကျနော်တို့နဲ့ ပူးပေါင်းပေးပါ။ ကျနော်ပြောချင်တာက အစ်ကိုတို့ ဒီမြို့ ဒီမြေမှာနေတယ်။ ဘာဖြစ်လို့ အခုအချိန်မှ ငါတို့က အထက်အမိန့်အရ လုပ်တာပါလို့ ကွဲပြားသွားတာလဲ” လို့ ရဲတွေကို ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့ မြို့ခံပြည်သူလူထု ၁၀၀ ကျော်လောက် ရဲစခန်းရှေ့ကို သွားရောက်စုရုံး တောင်းဆိုခဲ့ကြပါတယ်။
“ရဲစခန်းရှေ့မှာ ပိတ်ထားတယ်။ ဒါကြောင့် ဘေးကစည်ပင်ရုံးရှေ့ဘက်မှာ အားလုံးထိုင်ပြီး အသံတိတ်ထိုင်နေကြတယ်။ နောက်ပိုင်းမှာ ပထမစည်း၊ ဒုတိယစည်း၊ တတိယစည်း ဆိုပြီး ဆိုင်းဘုတ်တွေ လာချတယ်။ ပြီးတော့ လူအုပ်ရဲ့ နောက်မှာ ရေကားရောက်လာပြီး ပိတ်ထားတယ်။ စစ်ကားလည်း ရောက်လာပြီး ဒိုင်းကာနဲ့ စစ်သားတွေ ဆင်လာတယ်။ ရှေ့မှာလည်း ရဲနဲ့ စစ်သားတွေ ထပ်များလာတယ်။ ရဲက လူစုခွဲဖို့ မိုက်နဲ့ ကြေညာတုန်းပဲ ရှိသေးတယ်။ နောက်က စစ်သားတွေက ဒိုင်းတွေကို ရိုက်ပြီး လူအုပ်ဘက်ကို တက်လာတယ်။ ဒါနဲ့ပဲ လူစုခွဲလိုက်တယ်။ အဲအချိန်မှာပဲ ဘေးကနေ အမှိုက်ကောက်ပေး၊ ရေသန့်ဘူးဝေပေးနေတဲ့ ဦးလေးကြီးတယောက်ကို ဝိုင်းရိုက်ပြီး ဖမ်းသွားတယ်။ မျက်နှာတွေကိုလည်း ရိုက်တယ်” လို့ ဆန္ဒပြတာမှာ ပါတဲ့သူတယောက်က ပြောပါတယ်။
သံတွဲမြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လမ်းတလျှောက်လိုက်လံပိတ်ဆို့ခဲ့ပြီး ကားနဲ့လည်း ဖြတ်တိုက်ခဲ့ပါတယ်။










