
ရခိုင်ပြည်နယ်အတွင်း ကားနဲ့ ဆိုင်ကယ်တွေ မောင်းနှင်ရာမှာ သောက်စား မူးယစ်ပြီး မောင်းနှင်းတာ အပါအဝင် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း မလိုက်နာသူတွေ ဒဏ်ကြေးပေးဆောင်ရမယ်လို့ မြောက်ဦးခရိုင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ဒေသန္တရ အမိန့်ထုတ်ထားပါတယ်။
လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း လိုက်နာပြီး ယာဉ်တိုက်မှုတွေကို လျော့ချနိုင်ဖို့ ရည်ရွယ် ထုတ်ပြန်လိုက်တာဖြစ်ပြီး အရက်အလွန်အကျွံ မူးပြီး ကားမောင်တဲ့ ယာဉ်မောင်းတွေကို ဒဏ်ကြေး ၅၀,၀၀၀ ကျပ်နဲ့ ဆိုင်ကယ်မောင်းနှင်ပါက ၃၀,၀၀၀ ကျပ် ဒဏ်ကြေးပေးဆောင်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆိုင်ကယ်စီးနင်းကြရာမှာလည်း ဆိုင်ကယ်ဦးထုတ် မဆောင်းတာ၊ လူနှစ်ဦးထက် ပိုပြီးစီးနင်းတာတွေ (ခြွင်းချက် ၁၀ အောက် ကလေးငယ်တဦး ဦးထုတ်ဆောင်းပြီး စီနှင်းခွင့်ပြုထား) နဲ့ အသံကျယ်လောင်စွာ မောင်းနှင်ပါက ဒဏ်ကြေး ၅,၀၀၀ ကျပ် ချမှတ်သွားမယ်လို့ ဆိုထားပါတယ်။
ကားတွေမှာလည်း မီးနဲ့ ဘရိတ်စနစ်တွေကို ပြည့်စုံအောင် တပ်ဆင်ထားရမှာဖြစ်သလို ယာဉ်မောင်းသူနဲ့ လိုက်ပါသူတွေဟာ ခါးပတ်ကို ပတ်ထားကြရမှာဖြစ်ပြီး မလိုက်နာပါက ဒဏ်ငွေ ၁၀,၀၀၀ ကျပ်၊ ကားပေါ်က ကုန်ပစ္စည်းတွေ တင်ဆောင်တာနဲ့ ကုန်ချတာတွေကို ပြုလုပ်တာတွေမှာလည်း သတ်မှတ်စည်းကမ်းတွေကို မလိုက်နာပါက ဒဏ်ငွေ ၅၀,၀၀၀ ကျပ် ပေးဆောင်ရမယ်လို့ ပြောထားပါတယ်။
မြို့တွင်းကို သုံးတန်ထက်ပိုတဲ့ ကားကြီးတွေ ကုန်တင်၊ ကုန်ချ ပြုလုပ်ပါက ဒဏ်ကြေး ၃၀၀,၀၀၀ ကျပ်၊ အုတ် သဲ ကျောက် တင်ဆောင်တဲ့ ကားတွေကို သေချာစွာ ဖုံးအုပ်ထားရမှာဖြစ်သလို ယာဉ်ခေါင်မိုးတွေပေါ်မှာ ပစ္စည်းတွေ တင်ဆောင်ပါက ဒဏ်ကြေး ၃၀,၀၀၀ ကျပ် ပေးဆောင်ရမှာလို့ ဆိုပါတယ်။
အခုထုတ်ပြန်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်တာ ဒါမှမဟုတ် ဒဏ်ကြေးပေးဆောင်ဖို့ ငြင်းဆန်ပါက ယာဉ်ကို ခေတ္တထိန်းသိမ်းသွားမှာဖြစ်ပြီး ပြစ်မှုဆိုင်ရာ ကိစ္စတွေ မပြီးမချင်း ပြန်လွှတ်ပေးမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
ရခိုင်ပြည်က မြို့နယ်တွေမှာ မူးယစ်ပြီး ယာဉ်မောင်းတာတွေနဲ့ စည်းကမ်းမဲ့ မောင်းနှင်တာ၊ ကုန်တွေ တင်ဆောင်နေကြတာကြောင့် ယာဉ်စည်းကမ်းတွေ ထုတ်ပြန်တဲ့အခါ တင်းတင်းကျပ်ကျပ် အရေးယူသင့်တယ်လို့ မြောက်ဦးမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ရခိုင်က မြို့နယ်တွေမှာ မူးယစ်ပြီး ယာဉ်မောင်းတာ၊ စည်းကမ်းမဲ့ မောင်းတာနဲ့ ကုန်တင်တာတွေကြောင့် ယာဉ်တိုက်မှုတွေက တလထက်တလ တိုးလာတာတွေ့ရတယ်။ အစိုးရအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်နဲ့ ပြုလုပ်လာတာဟာ လူအသက်တွေကို ကာကွယ်ဖို့ ပြုလုပ်တာဖြစ်တာကြောင့် ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို ယာဉ်ထိန်း ရဲတွေဘက်က စနစ်တကျ စောင့်ကြည်ဖို့ လိုအပ်သလို ပြည်သူတွေအနေနဲ့ ကိုယ်အသက်နဲ့ လိုက်ပါသူတွေကို အသက် ဂရုစိုက်တဲ့အနေနဲ့ အစိုးရရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို အထူးလိုက်နာသင့်တယ်။”
ရခိုင်ပြည်အတွင်း အများပြည်သူဆိုင်ရာ လမ်းတွေမှာ ယာဉ်တွေ ရမ်းသန်းမောင်းနှင်တာတွေကို ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ချမှတ်သွားမှာဖြစ်သလို၊ ယာဉ်မောင်းသူဟာ အခြားသူရဲ့ အသက်(သို့) ဘေးဖြစ်အောင် တခုခုပြုလုပ်ပါက ရာဇသတ်ကြီးပုဒ်မ ၃၃၈ အရ ထောင်ဒဏ် ၅ နှစ်နဲ့ ငွေဒဏ် ချမှတ်သွားမယ်လို့ DLEPS တပ်ဖွဲ့က မတ် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေမှာ ၂၀၂၅ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၁၀၄ ခုထက်မနည်းကို အာရက္ခပြည်သူ့တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့က အရေးယူဆောင်ရွက်ခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။











