မန္တလေးမြို့မှာရှိတဲ့ မြန်မာ့မီးရထား ဝန်ထမ်းအားလုံးနီးပါးက အာဏာဖီဖန်လူထုလှုပ်ရှားမှု CDM လုပ်ဆောင်ရာမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
မီးရထားဝန်ထမ်းတွေအနေနဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာမှ ရုံးပြန်တက်ပြီး အလုပ်လုပ်မယ်လို့ ဆိုပါတယ်။
မြန်မာ့ မီးရထားဝန်ထမ်းတွေအနေနဲ့ နေ့စဉ်နီးပါး လှည့်လည်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေကြတာ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက မန္တလေး ဘူတာကြီးရှေ့မှာ ပြုလုပ်တဲ့ ဝန်ထမ်းပေါင်းစုံ ထိုင်သပိတ်မှာလည်း ပါဝင်ခဲ့ကြပါတယ်။
ဒါ့အပြင် ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာမှ တောင်သူတွေဟာ လယ်ထွန်စက် အစီး ၅၀ ကျော်၊တောင်သူအင်အား ၅၀၀ကျော်နဲ့ မန္တလေးမြို့တွင်း လှည့်လည်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
တောင်သူတွေဟာ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၉ နာရီခွဲကနေ ၁၂ နာရီထိ လှည့်လည် ဆန္ဒပြခဲ့ကြပြီး စစ်အာဏာရှင်အလိုမရှိ၊ ပြည်သူ့ မဲဆန္ဒတွေကိုလေးစားပါ။ မတရား ဖမ်းဆီး ထားသူများ ချက်ခြင်းလွှတ်စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး လှည့်လည်ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
စစ်စစ်အာဏာရှင်တွေ အနေနဲ့ တောင်သူတွေ မဲပေး ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရကို အတည်ပြုပေးဖို့ကိုလည်း တောင်းသူတွေက တောင်းဆိုခဲ့ပါတယ်။
ထိန်ထိန်လင်း၊ ဓာတ်ပုံ-ကိုရွှေမန်း