DVB Logo
Home
မြန်မာသတင်း
ကျောက်မဲခရိုင်၌ TNLA နှင့် RCSS တပ်ဖွဲ့တိုက်ပွဲဖြစ်၊ လက်နက်ကြီးရွာထဲကျ၍ နေအိမ်များ ပျက်စီး
DVB
·
February 15, 2021
ကျောက်မဲခရိုင်၌ TNLA နှင့် RCSS တပ်ဖွဲ့တိုက်ပွဲဖြစ်၊ လက်နက်ကြီးရွာထဲကျ၍ နေအိမ်များ ပျက်စီး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ တော့ဆန်ကျေးရွာအုပ်စုထဲမှာ TNLA နဲ့  RCSS တိုက်ပွဲကြောင့် ရွာထဲ လက်နက်ကြီးကျလို့ နေအိမ်ပျက်စီးကာ ထိခိုက်ဒဏ်ရာရသူတွေရှိသလို ရွာသားတွေ ထောင်ချီ ပိတ်မိနေပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၃ ရက် မနက် ၅ နာရီကျော်လောက်ကစလို့ ရွာအနီး တောတောင်ထဲကနေ သေနတ်သံတွေ ကြားရကြောင်း၊ မနေ့ နေ့ခင်းပိုင်းမှာတော့ တော့ဆန်အုပ်စု ပါခါးရွာထဲကို လက်နက်ကြီးကျလို့ နေအိမ် ၁ လုံးပျက်စီးပြီး အသက် ၄၀ ကျော်ရှိ ရွာသူ ၁ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ တော့ဆန်ရပ်မိရပ်ဖတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“တိုက်ပွဲဘယ်လိုစဖြစ်လဲဆိုတာတော့ မသိဘူးခင်ဗျ။ ဒါပေမဲ့ သူတို့ ပစ်ခတ်နေတာ ၃ ရက်လောက်ရှိပြီ။ ပါခါ၊ ကောင်းဝိုင်း၊ တောင်ပလို့၊ မန်ကောင်း အဲဒီရွာတွေနဲ့နီးတယ်။ တဘက်မှာ TNLA နဲ့ SSPP တပ်ဖွဲ့တွေ နောက်တဖက်မှာ RCSS တပ်ဖွဲ့တွေ အများကြီးပဲ။ ဒီလိုများတာ တခါမှ မတွေ့ဖူးသေးဘူး။ ရွာပြင်ထွက်တာနဲ့ ဘယ်သွားသွားသူတို့နဲ့ ပြေးမလွတ်ဘူး။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ကြတာ။ လက်နက်ကျည်တွေ ရွာထဲကျတယ်။ အိမ်ပျက်စီးတယ်လို့ သေချာသိရတာက ပါခါးရွာမှာ။ တခြားရွာတွေလည်း ထိတယ် ပြောတယ်။ ဖုန်း ဆက်သွယ်မရဘူး။”

“ဒဏ်ရာရတာက ၃ ယောက်တောင်ပလို့၊ ပါခါးနဲ့ ကလောဝိုင်းရွာက ၃ ယောက်လုံး အသက် ၄၀ ကျော် အမျိုးသမီးပဲ၊ ပြီးတော့ ရွာထဲကနေ ဘယ်မှမသွားရဘူး၊ တခြားရွာကလူတွေလည်း လာလို့ မရဘူး၊ ခြံလည်းမသွားရဲဘူး။ ရှိတာနဲ့ စားသောက်နေရတယ်။ နှစ်ဘက်တပ်ကိုလည်း ထမင်းထုပ် ပို့ပေးရသေးတယ်။ ဖြစ်နိုင်ရင်တော့ မြို့ပေါ်ထွက်ပြေးချင်တာပေါ့ ထွက်လို့မှမရဘဲ။ ပိတ်မိနေတာ ၄ ရွာပေါင်းဆို လူ ၂၀၀၀ ကျော်မယ်။ မြို့ပေါ်မှာလည်း ဆန္ဒတွေ ပြနေတယ်လို့ ကြားတယ်။ ဒီခေတ်ကြီးမှာ ဒီလိုဒုက္ခရောက်နေကြတာ ဘယ်သူ့ကို အကူအညီတောင်းရမှန်းတောင် မသိတော့ပါဘူးခင်ဗျာ”

တော့ဆန်ကျေးရွာအုပ်စုထဲမှာ လွန်ခဲ့တဲ့ ၃ လကလည်း တိုက်ပွဲတွေဖြစ်လို့ ရွာသားတွေ လယ်ယာလုပ်ငန်းရပ်နားထားရပြီး  ပြီးခဲ့တဲ့လကမှ ခြံဆင်းတာ ၁ လသာရှိသေးကြောင်း ၊ အခုလို တိုက်ပွဲပြန်ဖြစ်တော့ စားဝတ်နေရေး ပိုကျပ်တည်းသွားကြပြီလို့  ဆိုပါတယ်။ 

တော့ဆန်ကျေးရွာအုပ်စုဟာ ကျောက်မဲမြို့ အနောက်မြောက်ဘက် မိုင် ၅၀ လောက်အကွာမှာရှိပြီး ကျေးရွာပေါင်း ၉ ရွာရှိပါတယ်။  အဆိုပါရွာတွေမှာ ပလောင်၊ ရှမ်းနဲ့ တခြားတိုင်းရင်းသားတွေ နေထိုင်ပြီး ရွာသားတွေဟာ လက်ဖက်စိုက်ပျိုးရေးနဲ့ လယ်ယာ လုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါတယ်။

အဆိုပါဒေသမှာ TNLA  တအာင်းတပ်၊ SSPP ရှမ်းတပ်၊  RCSS ရှမ်းတပ်နဲ့ မြန်မာ့တပ်မတော်တို့ လှုပ်ရှားသွားလာလေ့ရှိပြီး တိုက်ပွဲဖြစ်တိုင်း ရွာထဲကို လက်နက်ကြီးကျတာ၊ မီးလောင်တာ၊ လူတွေထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိပြီး  ရွာသားတွေ  မကြာခဏ စစ်ပြေးရှောင်နေရတဲ့ ကျေးရွာအုပ်စုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013