DVB Logo
Home
Lead Story
CDM ( သို့မဟုတ်) အာဏာရှင်တွေအကြောက်ဆုံးပြည်သူ့လက်နက်
DVB
·
February 15, 2021
CDM ( သို့မဟုတ်) အာဏာရှင်တွေအကြောက်ဆုံးပြည်သူ့လက်နက်
Donate to DVB

အင်အားသုံးပြီးအာဏာလုယူသူများ အကြောက်ဆုံးကတော့ အကြမ်းမဖက် အာခံရေး လှုပ်ရှားမှု ( CDM: Civil Disobedience Movement ) ပါပဲ။ အကြမ်းမဖက် အာခံတဲ့နည်းက သမိုင်းတစ်လျှောက် အာဏာရှင်တွေကို ဖြုတ်ချရာမှာ အောင်မြင်မှုအရဆုံး ပြည်သူ့လက်နက် ဖြစ်နေလို့ပါပဲ။

အကြမ်းမဖက်အာခံနည်းက အာဏာသိမ်းသူများကို အသိအမှတ်မပြုကြောင်း အထင်ရှားဆုံး ပြသနိုင်တဲ့နည်းလမ်းဖြစ်သလို အုပ်ချုပ်ရေးယန္တရားကို လုံးဝရပ်တံ့သွားအောင်လုပ်တဲ့နည်းတွေ  ထဲမှာ အလွယ်ကူဆုံးနည်းလမ်းလည်းဖြစ်တယ်။

    ဒီနည်းလမ်းကို လူတိုင်းက ကျင့်သုံးနိုင်သလို ဒီနည်းလမ်းကို ကျင့်သုံးဖို့အတွက် ဘာမှ လေ့ကျင့်စရာ မလိုပါဘူး။ ဒါ့အပြင် ဒီနည်းလမ်းကို နိုင်ငံတကာက အစိုးရတွေရော အရပ်ဘက် အဖွဲ့အစည်းတွေကပါ တရားဝင်အားပေးထောက်ခံကြပါတယ်။ အာဏာသိမ်းအဖွဲ့ထဲမှာ မတတ်သာလို့ ပါဝင်နေရသူများအနေနဲ့ ဘက်ပြောင်းဖို့ လွယ်ကူတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်များဟာ CDM ဆိုတာနဲ့  တုန်လှုပ်နေကြတာပါ။

CDM ရဲ့ အောင်မြင်မှုနဲ့ အောင်မြင်ရတဲ့အကြောင်းရင်းတွေကို အသေးစိတ်လေ့လာပြီး ရေးသားထားတဲ့ စာအုပ် (Why Civil Resistance Works) ထဲမှာ   အာဏာရှင်တွေကို ဖြုတ်ချ တဲ့အခါ CDM နည်းလမ်းက အကြမ်းဖက်နည်းလမ်းထက် အောင်မြင်မှုမှာ ၂ ဆပိုတယ်လို့ ဆိုထား ပါတယ်။ အောင်မြင်မှုရစေတဲ့အဓိက အကြောင်းရင်းကတော့ ပြည်သူလူထုအမြောက်အများ ပါဝင်ပြီး စည်းစည်းလုံးလုံး လှုပ်ရှားနိုင်တဲ့အချက်ပဲလို့လည်း ကောက်ချက်ချထားပါတယ်။

အောင်မြင်မှုရခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက ပြည်သူ့အာဏာလှုပ်ရှားမှု (၁၉၈၃) မှာ ပြည်သူ ၂ သန်း ပါဝင်ခဲ့ပါတယ်။ ဘရာဇီးနိုင်ငံက လူထုအုံကြွမှု (၁၉၈၄ − ၁၉၈၅) မှာ ပြည်သူ ၁ သန်း ပါဝင်ခဲ့ ပါတယ်။ ချက်ကိုစလိုဗက်ကီးယားက ကတ္တီပါတော်လှန်ရေးလူထုလှုပ်ရှားမှု (၁၉၈၉)မှာ ပြည်သူ ၅ သိန်းပါဝင်ခဲ့ပါတယ်။

ဒီစာအုပ်မှာ ဖော်ပြထားတဲ့ လေ့လာတွေ့ရှိချက်တစ်ခုက အကြမ်းမဖက်အာခံမှုနည်းလမ်းကို ကျင့်သုံးသူများအတွက် မဖြစ်မနေလိုက်နာဖြည်းဆည်းစရာ အချက်တစ်ခု ဖြစ်လာနေပါတယ်။ ဒီအချက်ကို အကြမ်းမဖက်အာခံနည်းရဲ့ အောင်မြင်မှုပုံသေနည်းတစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ဒီပုံသေနည်းက −

   “အကြမ်းမဖက်အာခံရေးလှုပ်ရှားမှုကို သေချာပေါက်အောင်မြင်စေရန်မှာ ယင်းလှုပ်ရှားမှု အရှိန်အမြင့်ဆုံးအနေအထားတွင်  လူဦးရေ၏ ၃ ဒသမ ၅ ရာခိုင်နှုန်း ( လူတစ်ထောင်တွင် ၃၅ ယောက်)က စိတ်အားထက်ထက်သန်သန်နှင့် စုစုစည်းစည်းပါဝင်ရန်သာလိုအပ်သည်” တဲ့။

၁၉၈၈ ကနေ ၁၉၉၁ အထိ လေးနှစ်နီးပါးကြာမြင့်ခဲ့တဲ့ အက်စတိုးနီးယားနိုင်ငံက သီချင်း ဆိုရင်းတော်လှန်ခြင်း ( Singing Revolution) ဆိုတဲ့ လူထုလှုပ်ရှားမှုကြီး၊ ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်ကနေ ၂၃ အထိ ရက်ပေါင်း ၂၀ ကြာမြင့်ခဲ့တဲ့ ဂျော်ဂျီယာနိုင်ငံက နှင်းဆီ တော်လှန်ရေး ( Rose Revolution)တွေဟာ ဒီပုံသေနည်းအတိုင်းအောင်မြင်မှုရရှိခဲ့တဲ့ အကြမ်း မဖက်လူထုလှုပ်ရှားမှုတွေဖြစ်တယ်လို့ စာအုပ်မှာ ဖော်ပြထားပါတယ်။

  မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကို စာအုပ်ပါအချက်အလက်တွေနဲ့ သုံးသပ်ကြည့် မယ်ဆိုရင် လူဦးရေရဲ့ ထက်ဝက်မက ပါဝင်နေတဲ့ CDM လူထုလှုပ်ရှားမှုကြီး အောင်မြင်မှုရပါ မလား ဆိုတာ သံသယဖြစ်စရာ မလိုအပ်ပါ။

ဒါကြောင့်လည်း အာဏာသိမ်းအဖွဲ့ဟာ ပြည်တွင်းပြည်ပက အစိုးရတွေနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ ကန့်ကွက်မှုနဲ့ ဖိအားပေးမှုကို အပြင်းအထန်ခံနေရတဲ့အချိန်မှာ ပြည်သူလူထု သန်းနဲ့ချီပြီးပါဝင်နေတဲ့ CDM လှုပ်ရှားမှုကို ပျက်ပြားသွားအောင် နည်းမျိုးစုံနဲ့ကြိုးစားနေတာပါ။

     မင်းမဲ့အခြေအနေရောက်အောင်လုပ်တဲ့နည်းနဲ့ ပြည်သူလူထု ကြောက်လန့်အောင်ကြိုးစား တယ်။ အလုပ်ဖြုတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး ပြည်သူလူထုရဲ့မပူးပေါင်းရေးလမ်းစဉ်ကို ပျက်ပြား အောင်လုပ်တယ်။

  အဆိုးဆုံးတစ်ခုကတော့ ပြည်သူလူထုကို အကြမ်းဖက်လုပ်ရပ်တွေလုပ်လာအောင် အတင်း တွန်း​ပို့နေပါတယ်။ ပြည်သူလူထုက အကြမ်းဖက်လုပ်ရပ်တွေနဲ့ သူတို့ကို တုံ့ပြန်မယ် ဆိုရင် သူတို့သဘောအကျဆုံးပါပဲ။ သူတို့မှာ လက်နက်မျိုးစုံကိုင်ထားပြီး တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ တပ်ဖွဲ့တွေရှိနေတော့ ပြည်သူလူထုကို အလွယ်တကူ ချေမှုန်းနိုင်တော့မှာ ဖြစ်လို့ပါပဲ။ နောက်ပြီးအကြမ်းဖက်လှုပ်ရှားမှုဆိုရင် အများပြည်သူအနေနဲ့ ပါဝင်လို့ မလွယ်ကူတော့လို့ပါ။

လူ့အခွင့်အရေးအတွက် အကြမ်းမဖက်အာခံနည်းကို အသုံးချပြီး အနိုင်ရအောင်လုပ်ခဲ့တဲ့ မာတင်လူသာကင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။

“ ကျွန်တော်တို့အနေနဲ့ အကြမ်းမဖက်တဲ့နည်းလမ်းကို ဘာကြောင့် စွဲကိုင်ရတာလဲဆိုတော့  ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းမျိုးကိုပဲ ကျွန်တော်တို့ လိုချင်လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာ ၂ခုရှိပါတယ်။ အဲဒီ၂ ခုအနက် တစ်ခုကိုရွေးချယ်ရပါမယ်။ အဲဒီ ၂ ခုကတော့  အကြမ်း မဖက်ရေးနဲ့ အကြမ်းဖက်ရေး မဟုတ်ပါဘူး။  အကြမ်းမဖက်ရေးနဲ့ အလုံးစုံပျက်သုဉ်းရေးသာ ဖြစ်ပါတယ်”

( စာညွှန်း- Why Civil Resistance Works by Erica Chenoweth & Maria J. Stephan )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013