
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက် ၈ နာရီက စတင်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေး၊ စစ်အာဏာရှင် စနစ်ကျဆုံးရေးနဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး မြို့ခံ ပြည်သူနဲ့ ဝန်ထမ်းတွေပူးပေါင်းပြီး လူအင်အား သိန်းချီ ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြတဲ့ ပြည်သူတွေဟာ ပုသိမ်မြို့ပေါ်လမ်းတွေကို လှည့်လည် ဆန္ဒပြခဲ့ပြီး ပုသိမ်မြို့တော်ခန်းမရှေ့နဲ့ တိုင်းအစိုးရအဖွဲ့ရုံးရှေ့တွေကိုတော့ ရဲအင်အား ရာချီလုံခြုံရေးရယူထားတာကြောင့် ဖြတ်ခွင့်မရရှိခဲ့ပါဘူး။
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတဲ့စစ်ကြောင်းဟာ မြို့တွင်းလမ်းတွေမှာ လုံခြုံရေးရယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရှောင်သွား ခဲ့ပေမယ့် တချို့နေရာတွေမှာ ထိပ်တိုက်တွေ့ဆုံတာတွေရှိခဲ့လို့ ရဲတပ်ဖွဲ့ဝင်နဲ့ ညှိနှိုင်းတာတွေပြုလုပ်ပြီး ရှေ့ဆက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေထဲမှာ မြို့ခံပြည်သူတွေနဲ့ ပညာရေးဝန်ထမ်းတွေ အင်ဂျင်နီယာတွေပါဝင်ဆန္ဒပြခဲ့ပြီး ဒေသခံပြည်သူတွေကတော့ လက်ခုပ်တီးကြိုဆိုတာတွေ ရေဘူးကမ်းတာတွေ အအေးကမ်းတာ တွေပြုလုပ်ပေးခဲ့ပါတယ်။
ပုသိမ်မှာ မြို့ခံပြည်သူနဲ့ ဝန်ထမ်းတွေပူးပေါင်းပြီး လူအင်အားသိန်းချီဆန္ဒပြခဲ့သလို ဧရာဝတီတိုင်းအတွင်းက မြို့နယ်တော်တော်များများမှာလည်း စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြပွဲတွေ အရှိန်မြှင့် ပြုလုပ်နေပါတယ်။
မင်းထက်မုန်း










