တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်မှာ ရဲတပ်ဖွဲ့ဝင်အချို့လည်း ပူးပေါင်းပါဝင်လာပြီး အင်အား ၂ သိန်းကျော် ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မနက် ၈ နာရီကစပြီး ဆန္ဒပြပွဲမှာ ကွန်ပျူတာတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ စက်ဘီးအဖွဲ့၊ အင်ဂျင်နီယာအဖွဲ့၊ စည်ပင်သာယာဈေးကြီးအဖွဲ့၊ ဘောလုံးသမားတွေ၊ ထားဝယ် တရုတ်နွယ်ဖွား၊ ဂီတအနုပညာရှင်တွေ စတဲ့သပိတ်ကြောင်း အသီးသီးပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆန္ဒပြပွဲမှာ ဝန်းရံသူတဦး “ရဲက ၇ ယောက်၊ မော်တော်ပီကယ်က ၁ ယောက် မနက်ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ ဒီနေ့ဆန္ဒပြပွဲမှာလည်း လုံခြုံရေးတွေက တားဆီးတာမျိုး မရှိဘူး။ ရုံးကြီးလမ်းဆုံးမှာတော့ ပုံမှန်အတိုင်းပိတ်ထားတယ်။ စစ်ကြောင်းတွေက ဥတ္တတားကြီးမှာ စုရပ်လုပ်ပြီး ချီတက်ကြတာ” လို့ ပြောပါတယ်။
ဒီနေ့ ထားဝယ် အထွေထွေသပိတ်မှာ လောင်းလုံးမြို့အပါအဝင် အခြားမြို့နယ် ကျေးရွာတွေကပါ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နေ့စဉ်ကျင်းပနေပြီး ရဲနဲ့ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းတာမျိုးတော့ ဒီနေ့အထိ မရှိသေးဘူးလို့ ဆန္ဒပြရာမှာပါဝင်သူတဦးက ပြောပါတယ်။
ဒါ့အပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ သရက်ချောင်းမြို့က ကျောင်းဆရာ ဆရာမ ဖိအားပေးတာမျိုးရှိပေမဲ့ ထားဝယ်မှာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။