DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြသူ ၇ ဦးကို ဖမ်းဆီးအမှုဖွင့်
DVB
·
February 14, 2021
အမ်းမြို့နယ်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြသူ ၇ ဦးကို ဖမ်းဆီးအမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ် အမ်းမြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့သူတွေထဲက ၇ ဦးကို သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်လှစ်ခံထားရပြီး မိသားစုဝင်တွေ တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

 ဖမ်းဆီးခံရသူ ဒေါ်လမင်းကျော်ရဲ့သမီး မနိုးနိုးဦးက “အိမ်အပြန်လမ်းမှာပဲ ပဒုံဂိတ်အရောက် အဖမ်းခံရတယ်လို့ပြောတယ်။ အမေနဲ့ပါသွားတာ ၂ ယောက်ပေါ့နော်၊ အမ်းမြို့နယ်ကြက်ရေစမ်းကျေးရွာက ဦးအောင်မြင့်ရယ်၊ ကျမအမေရယ် ၂ ယောက်ပေါ့။ ဦးအောင်မြင့်ကတော့ ပြန်လွတ်လာတယ်နောက်နေ့ကျတော့။ ကျမအမေကတော့ အခုထိပြန်မလွတ်သေးဘူး။ အခုအချိန်ထိလည်း ဆက်သွယ်လို့ မရသလို တွေ့ခွင့်လည်းမရသေးပါဘူး၊ အမေကိုလည်း ဦးဆောင်သူဆိုပြီးတော့ ငြိမ်းစုစီဥပဒေနဲ့ ဒီသဘာဝဘေးအန္တရာယ်နဲ့ တရားစွဲခံရတယ်၊ အမေကဦးဆောင်တာလည်း မဟုတ်ဘူး၊ အမ်းမြို့နယ်ခံလည်းမဟုတ်ဘဲ ဆန္ဒပြတဲ့အချိန်မှာ လူအုပ်နဲ့ပါသွားခဲ့တာပေါ့။” 

အမ်းမြို့နယ်မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြမှုကြောင့်  အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၃ ဦး အဖမ်းခံထားရပြီး အမှုဖွင့်ခံထားရပါတယ်။

ဖမ်းဆီးခံရတဲ့ မမိုင်ရတနာအောင်မိခင် ဒေါ်တင်တင်အောင်က   “ကျမရဲ့​နေအိမ်ကို ရဲတွေရောက်လာပြီးတော့ ကျမသမီးကိုမေးတယ်။ ကျမတို့က ဘာကိစ္စလဲမေးတော့ သူတို့ကမပြောဘူး။ လေးငါးခေါက်လောက်မေးမှ ဆန္ဒပြတဲ့အထဲမှာပါလို့ဆိုပြီး ပြောတယ်။ ဒါဆိုရင်ထိန်းသိမ်းထားမှာလားဆိုပြီးမေးတော့ အဲဒါလည်းမသိသေးဘူးတဲ့၊ ဟိုရောက်မှသိမှာတဲ့။ ခဏဆိုတော့ ဒီကလူက ထည့်ပေးလိုက်တာပေါ့။ ဟိုရောက်တော့မှ သူတို့တပ်ချင်တဲ့ ပုဒ်မနဲ့စွဲပြီးတော့ မတရားသဖြင့် လုပ်လိုက်တဲ့ကိစ္စပဲ။ ကျမသမီးကို လာဖမ်းတုန်းက ဖမ်းဝရမ်းလည်းမပါဘူး၊ ပြီးရင်ဆန္ဒပြတာကလည်း တစ်နိုင်ငံလုံးပြနေကြတာကို ဖမ်းဆီးပြီးတရားစွဲတယ်ဆိုတာကတော့ မဖြစ်သင့်ဘူး၊ ကျန်တဲ့မြို့နယ်တွေမှာတော့ ပြန်လွှတ်ပေးနေတာပဲ၊ ဒါကြောင့်ပြန်လွှတ်ပေးစေချင်တယ်” လို့ ပြောပါတယ်။

အမ်းမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့သူ ၇ ဦးကို သဘာဝဘေးအန္ဒရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်လှစ်ထားတာနဲ့ပတ်သက်ပြီး အမ်းမြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်ကျော်ဇင်ဦးကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်မှုတွေ ရှိနေပြီး ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့သူတွေကို ဖမ်းဆီးကာ ဘေးစီမံဥပဒေတွေနဲ့ အမှုဖွင့်ခံနေရသူ ၉ ဦးထိရှိလာနေပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013