DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံအားလုံးကို ချက်ချင်းလွှတ်ရန် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ တောင်းဆို
DVB
·
February 13, 2021
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံအားလုံးကို ချက်ချင်းလွှတ်ရန် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ တောင်းဆို
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင်  တရားလက်လွတ် ဖမ်ဆီးခံထားရသူအားလုံးကို ချက်ချင်းခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂရုံးမှာ ကျင်းပတဲ့  မြန်မာ့အရေး အထူးအစည်းအဝေးမှာ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် နိုင်ငံပေါင်း ၄၇ နိုင်ငံက ကန့်ကွက်သူမရှိ  ဆုံးဖြတ်ချက်ချမှတ် တောင်းဆိုလိုက်တာပါ။  

မြန်မာစစ်တပ်၊ တခြားလုံခြုံရေးအဖွဲ့တွေနဲ့ အာဏာပိုင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့  လွတ်လပ်စွာထုတ်ဖော်ခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်၊ အသင်းပင်းဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာ စုရုံးခွင့်တွေကို အကာအကွယ်ပေးဖို့လည်း လူ့အခွင့်ရေးကောင်စီ ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အင်တာနက်၊ တယ်လီဖုန်းဆက်သွယ်ရေးနဲ့ လူမှုကွန်ရက်တွေကို ထိန်းချုပ်ထားတာနဲ့ လွတ်လပ်စွာ သဘောထားအမြင်တွေ ထုတ်ဖော်ခွင့်ကို ချိုးဖောက်တဲ့ ဥပဒေတွေကိုလည်း အမြန်ဆုံး ပြန်ရုပ်သိမ်းဖို့ တောင်းဆိုပါတယ်။

ကုလသမဂ္ဂ ကယ်ဆယ်ရေးလေယာဉ်တွေကို ဆင်းခွင့်ပြုဖို့ အပါအဝင် အကူအညီ လိုအပ်နေသူတွေကို လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပေးခွင့်ပြုဖို့လည်း  ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့နိုင်ငံ မရှိပေမယ့် တရုတ်၊ ရုရှား၊ ဘိုလီးဗီးယား၊ ဖိလစ်ပိုင်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေကတော့  ဆုံးဖြတ်ချက်မှာ ပါဝင်ခြင်းမရှိသလို မြန်မာနိုင်ငံအနေနဲ့  ဒီဆုံးဖြတ်ချက်မှာ ပါဝင်ခြင်း မရှိပါဘူး။

မြန်မာသံအမတ်ကြီး ဦးမြင့်သူကတော့ ရွေးကောက်ပွဲအပြီးမှာ မူမမှန်တာတွေနဲ့  တိုင်းပြည်မှာ ရှုပ်ထွေးတဲ့ အခြေအနေတွေကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်ကို ရယူထားတာလို့ အစည်းအဝေးမှာ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအပေါ် လက်နက်ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ခရီးသွားလာမှု ပိတ်ပင်ဖို့ တောင်းဆိုပါတယ်။

ကုလသမဂ္ဂ လက်ထောက် လူ့အခွင့်ရေးကော်မရှင်နာ နာဒါအယ်နာရှစ်ဖ်က တော့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ  ဆယ်စုနှစ်တစ်ခုလောက်ခက်ခက်ခဲခဲ ရရှိထားတဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းရေးကို အကြီးအကျယ်နောက်ပြန်ဆုတ်သွား ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်သံအမတ်ကတော့ ဒီမိုကရေစီနည်းအရရွေးကောက် တင်မြှောက်ထားတဲ့ မြန်မာအရပ်သားအစိုးရကို စစ်တပ်က အာဏာသိမ်းတဲ့ အ‌ပေါ်ကန့်ကွက်လိုက်ပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးသမားတွေ၊ အရပ်ဖက်အဖွဲ့အစည်းဝင်တွေ၊ သတင်းသမားတွေ၊ နိုင်ငံခြားသားတွေနဲ့ လူ့အခွင့်အရေးကာကွယ်သူတွေကို အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အထူး အစည်းအဝေးခေါ်ယူကျင်းပဖို့ ယူကေနဲ့ ဥရောပသမဂ္ဂ အီးယူတို့က ကမကထပြုလုပ်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013