
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုတိုက်ပွဲ ၇ ရက်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ဒီကနေ့မှာတော့ သိန်းနဲ့ချီတဲ့ ဆန္ဒပြပြည်သူလူထုတွေက ပုံစံပေါင်းစုံနဲ့ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဒီလူထုတိုက်ပွဲမှာ ပါဝင်သူတွေက ပုံမှန်အတိုင်း စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တာအပြင် ကွယ်လွန်သူ မင်းအောင်လှိုင်လို့ ရေးထားတဲ့ လူသေအလောင်းပုံသေတ္တာတွနဲ့လည်း ဆန္ဒပြခဲ့ ကြပါတယ်။ မင်းညီမင်းသားအဝတ်အစားတွေ၊ အလှမယ်ဝတ်စုံတွေနဲ့လည်း ပါဝင်ဆန္ဒပြတာရှိသလို ဓမ္မစကြာအဖွဲ့တွေကလည်း လမ်းဘေးမှာ ထိုင်ကာ ဓမ္မစကြာရွတ်တာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် ကရာတေးကစားသမားတွေလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။
မုံရွာမြို့ရဲ့ အထွေထွေသပိတ်လမ်းကြောင်းက ရုံးကြီးလမ်းဆုံ ရုပ်ရှင်ရုံရှေ့မှာ ထိုင်သပိတ်ပြုလုပ်ကာ ဦးဆောင်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး မိန့်ခွန်းတွေ ဟောပြောခဲ့ကြပြီး နေ့လည်ပိုင်းမှာတော့ သပိတ်စစ်ကြောင်း ရုပ်သိမ်းခဲ့ပါတယ်။
မုံရွာမြို့မှာ ဒီနေ့ထိ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့တာမျိုးမရှိသေးဘဲ အကြမ်းမဖက်နည်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှုကတော့ အခြေအနေကောင်းနေပြီး တချို့နေရာတွေမှာတော့ ဝန်ထမ်းတွေ တိမ်းရှောင်တာတွေ ရှိနေပါတယ်။ အလွတ်သတင်းထောက်တွေ အပါအဝင် သတင်းထောက်တချို့လည်း နောက်ယောင်ခံလိုက်ခံရတာတွေ ရှိနေပါတယ်။
အောင်ကိုလတ်










