DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် နမ့်စန်တွင် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ အပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
DVB
·
February 12, 2021
ရှမ်းပြည်နယ် နမ့်စန်တွင် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ အပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်နဲ့ ခိုလမ်မြို့နယ်ခွဲမှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြလို့ နမ့်စန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ၊ မြို့နယ် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ အပါအဝင် လူ ၁၀ ဦးထက်မနည်း  အဖမ်းခံခဲ့ရပါတယ်။ 

နမ့်စန်မြို့က ဖမ်းဆီးခံရသူတွေမှာ  နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဝင်းနိုင် ၊ အန်အယ်လ်ဒီ အဖွဲ့ဝင် ကိုထွေး၊ ကိုစောငယ်နဲ့ အန်အယ်လ်ဒီဒုဥက္ကဋ္ဌ ကိုကျော်သူထွန်းတို့ဖြစ်ပြီး မနေ့ ညနေပိုင်းမှာ နမ့်စန်အ ခြေစိုက် လေတပ်စခန်းစစ်ဌာနချုပ် တပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတာလို့  နမ့်စန်ဒေသခံ စိုင်းဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“မနေ့က အဖမ်းခံရတာ ၆ ယောက်လို့လည်း ကြားတယ်ခင်ဗျ။ ကျနော် သိတာကတော့  ၄ ယောက်၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဝင်းနိုင်၊  အန်အယ်လ်ဒီအဖွဲ့ဝင် ကိုထွေး၊ အန်အယ်လ်ဒီ ဒုဥက္ကဋ္ဌ ကိုကျော်သူထွန်းနဲ့ ကိုစောငယ်၊ ကျန်တဲ့ ၂ ယောက်တော့ နာမည်မသိသေးဘူး ခင်ဗျ။ ညနေပိုင်းလောက်မှာ အိမ်မှာ လာဖမ်းတယ် ပြောတယ်။ စလခတပ်ကတဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။”

နမ့်စန် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးနေဇော်နိုင်၊ အတွင်းရေးမှူး ဦးလှထွေး၊ လွှတ်တော် ကိုယ်စားလှယ် စိုင်းလှဝင်းတို့ ၃ ဦးကတော့ ဒီမတိုင်ခင် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီး ကတည်းက ဖမ်းဆီးခံထားရကြောင်း၊ သူတို့ကို နမ့်စန် အခြေစိုက် စစ်စခန်းဌာနချုပ်မှာ ထိန်းသိမ်း ထားတယ်လို့ ဆိုပါတယ်။

နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲမှာလည်း မနေ့ မနက်ပိုင်းက ပထမဆုံးအကြိမ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပြီး ညနေပိုင်းမှာတော့ ဆန္ဒပြဦးဆောင်သူလို့ ယူဆရသူ တွေကို ရဲနဲ့စစ်တပ် ပူးပေါင်းအဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာမှာ ၄ ယောက်ပါသွားတယ်လို့ ခိုလမ်ဒေ သခံတစ်ဦးက ပြောပါတယ်။ 

“ခိုလမ်မှာ အဖမ်းခံရတာက ၄ ယောက်၊  ကိုသံချောင်း၊ ကိုကုလားနဲ့ ကိုဖိုးသားတဲ့ နောက်တယောက်က နာမည်မသိဘူး။ ကိုသံချောင်းက သူတို့ကိုပုလင်းနဲ့ပေါက်လို့တဲ့၊ ကျန်တဲ့ ၃ ယောက်က ဆန္ဒပြလို့၊ ကိုသံချောင်းကတော့ ပြန်လွတ်လာပြီပြောတယ်။ ကျနော်နဲ့တော့ မတွေ့ရ သေးဘူး။”

ခိုလမ်မှာ မနေ့က အဖမ်းအဆီးတွေရှိတဲ့နောက် ဒီကနေ့မှာတော့ ဆန္ဒပြပွဲမရှိကြောင်း၊ သူတို့ဆီမှာ စစ်တပ်က တောင်သူတွေဆီကနေ မြေဧကပေါင်း ထောင်ကျော် သိမ်းယူထားလို့ အမှုဖြစ်နေပြီး စစ်အာဏာရှင်စနစ်ကိုလည်း မကြိုက်သူများလို့  ဆန္ဒပြတာတွေတော့ ဆက်ရှိဦးမှာလို့  ဒေသခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013