
အတုအယောင် ရွေးကောက်ပွဲကတဆင့် သမ္မတရာထူးယူထားတဲ့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်ကို ကန့်ကွက်တဲ့အနေနဲ့ နယူးဒေလီမြို့ရောက် မြန်မာတွေက မေ ၂၈ ရက် ညနေပိုင်းမှာ ဆန္ဒပြကြမယ်လို့ သိရပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ သူ့ရဲ့ တရားမဝင်သမ္မတ သက်တမ်းမှာ ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယနိုင်ငံကို မေ ၃၁ ရက်မှာ သွားရောက်ဖို့ စီစဉ်နေတာပါ။
သူ့ရဲ့ အဲဒီခရီးစဉ်ဟာ မြန်မာပြည်က ပြည်သူတွေ ဆင်နွှဲနေတဲ့ တော်လှန်ရေးလမ်းကြောင်းအတွက် အနှောင့်အယှက် ဖြစ်နိုင်တာကြောင့် အိန္ဒိယနိုင်ငံရောက် မြန်မာတွေက ကန့်ကွက်နေကြတာပါ။
ဒီကနေ့ ညနေ ၃ နာရီကနေ ၅ နာရီအထိ နယူးဒေလီမြို့က သမိုင်းဝင် နက္ခတ္တဗေဒ စခန်းအနီးမှာ ဒေလီရောက်မြန်မာတွေ စုဝေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြမယ်လို့လည်း ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတွေထံက သိရပါတယ်။
ဒီဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဦးဆောင်သူတယောက်က “အိန္ဒိယအစိုးရက သတ်မှတ်ထားတဲ့နေရာမှာ ပြကြမယ်ခင်ဗျ။ ဘာကြောင့် နယူးဒေလီရောက် မြန်မာပြည်သူ ဒုက္ခသည်တွေက ဆန္ဒပြချင်ကြသလဲဆိုရင် နေ့စဥ် ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေလို့ ပြည်သူသွေးတွေ ပေစွန်းနေတဲ့ သားသတ်သမား စစ်အာဏာရှင်ကို မြင့်မြတ်သူတို့ နေထိုင်ကြတဲ့ ဒီမိုကရေစီနိုင်ငံကြီးဆီကို ခြေမချသင့်ဘူးလို့ ခံစားရလို့ကို ကန့်ကွက်ကြတာပါ။ အတုအယောင် ရွေးကောက်ပွဲ ဖန်တီးပြီး လူမျိုးတုံး သတ်ဖြတ်ထားသူ ဖြစ်နေသူဟာ သွားချင်းသွား ICJ သာ သွားသင့်တယ်” လို့ DVB ကို ပြောပါတယ်။
ဒီဆန္ဒပြပွဲတွေကို Burma House က ဦးဆောင်စီစဉ်တယ်လို့ သိရပြီး လာမဲ့ မေ ၃၀ ရက်မှာလည်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ ဒုတိယအကြိမ် ဆန္ဒပြပွဲ လုပ်သွားဖို့ရှိပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ သူ့ရဲ့ အိန္ဒိယခရီးစဉ်အတွင်းမှာ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်း အပါအဝင် မြန်မာနိုင်ငံဖွံ့ဖြိုးရေး၊ စီးပွားရေးနဲ့ ဒေသတွင်း လုံခြုံရေးတွေ၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လုံခြုံရေးကိစ္စတွေကို ဆွေးနွေးနိုင်တယ်လို့ အိန္ဒိယအခြေစိုက် WI ON သတင်းဌာနက မေ ၂၃ ရက်မှာ ဖော်ပြပါတယ်။
စစ်အာဏာရှင် အခုလို လာရောက်တဲ့အတွက် အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းနေပြီလို့ ယူဆပြီး လက်ခံကြိုဆိုတာတွေ၊ အိန္ဒိယရောက် ဒုက္ခသည်တွေကို ပြည်တွင်းပြန်ပို့တာတွေ လုပ်လာမှာ စိုးရိမ်တယ်လို့လည်း ဆန္ဒပြပွဲ ဦးဆောင်သူတယောက်က ပြောပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံမယ်က အခုချိန်ထိ မငြိမ်းချမ်းနိုင်သေးဘူး။ ဘယ်နေ့ ကိုယ့်ခေါင်းပေါ် လေယာဥ်ပေါ်က ဗုံးကျလာမလဲလို့ စိုးရိမ်စိတ်နဲ့ မြန်မာပြည်သူတွေ နေနေရတုန်းပါ။ ဒါကို အိန္ဒိယအစိုးရအနေနဲ့ အတုအယောင် အစိုးရဖြစ်တဲ့ မအလ လာတာကို မြန်မာနိုင်ငံငြိမ်းချမ်းပြီ ထင်ပြီး လက်ခံကြိုဆိုမှာ စိုးရိမ်မိလို့ ဆန္ဒပြကြတာပါ။ ငြိမ်းချမ်းတယ်ထင်ပြီး ဒီမှာရှိတဲ့ ဒုက္ခသည်တွေကိုပါ ပြန်ပို့ပေးမှာ စိုးရိမ်လို့ပါ။”
လက်ရှိမှာတော့ ဒီဆန္ဒပြပွဲတွေ ကျင်းပနိုင်ဖို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်ဆီ ခွင့်ပြုချက် တောင်းထားပြီးဖြစ်လို့ အိန္ဒိယရောက် မြန်မာတွေ လာရောက်ပူးပေါင်းပါဝင်ကြဖို့လည်း တောင်းဆိုထားပါတယ်။










