
အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်မှာ အိန္ဒိယရူပီးငွေ ၈ ဒသမ ၅ ကုဋေလောက် တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပြီး လူ ၂ ယောက်ကို ဖမ်းဆီးထားတယ်လို့ အာဏာပိုင်တွေက ပြောတဲ့အကြောင်း ဧပြီ ၂၈ ရက်ထုတ် India Today သတင်းမှာ ဖော်ပြပါတယ်။
ဒီဖမ်းဆီးမှုကို အိန္ဒိယ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB)၊ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မဏိပူရရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ခရိုင်အတွင်းက ဝေးလံခေါင်သီတဲ့ ခွာခွယ် ဆိုတဲ့နေရာမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
တိကျတဲ့ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လမ်းကြောင်းပေါ်မှာ မော်တော်ယာဉ်တစီးနဲ့ ဆိုင်ကယ်တစီးကို တားဆီးစစ်ဆေးခဲ့ရာကနေ အလေးချိန် ၄ ဒသမ ၂၆၇ ကီလိုဂရမ်ရှိတဲ့ ဘိန်းဖြူတွေ ထည့်ထားတဲ့ ဆပ်ပြာခွက် ၃၇၄ ခွက်ကို ရှာဖွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ချူရာချန်းပူရ်ခရိုင်မှာ နေထိုင်သူ ၂ ယောက်ကို ဖမ်းဆီးထားသလို ဆေးဝါးသယ်ဆောင်ရာမှာ အချင်းချင်း ချိတ်ဆက်ဖို့ အသုံးပြုတဲ့ ဝိုင်ယာလက်စ် စကားပြောစက် ၂ လုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ ဒီမူးယစ်ဆေးဝါးတွေဟာ အိန္ဒိယနိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟိုင်ချင်းဘက်ကနေ ချူရာချန်းပူရ်ဘက်ကို သယ်ဆောင်လာတာဖြစ်တယ်လို့ သိရပြီး ဒါဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းကြီးရဲ့ ကွင်းဆက်တခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
NCB အနေနဲ့ အခုနောက်ပိုင်းမှာ အိန္ဒိယ-မြန်မာနယ်စပ် အပါအဝင် အရှေ့မြောက်ဒေသတခွင်မှာ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဖြိုခွင်းဖို့ လုပ်ငန်းစဉ်တွေကို အရှိန်မြှင့် လုပ်ဆောင်နေသလို ၂၀၂၅ ခုနှစ်အတွင်း မဏိပူရပြည်နယ်မှာ ရူပီးငွေ ၃၃၅ ကုဋေ တန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပြီး အခု ၂၀၂၆ ခုနှစ်ရဲ့ လပိုင်းအတွင်းမှာတင် ၇၅ ကုဋေလောက် ဖမ်းဆီးရမိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယအစိုးရအနေနဲ့ မဏိပူရပြည်နယ်ကို မူးယစ်ဆေးဝါးကင်းစင်တဲ့ ပြည်နယ်ဖြစ်အောင် ကြိုးပမ်းနေတာဖြစ်ပြီး အခုဖမ်းဆီးရမိတဲ့ ကွင်းဆက်တွေကနေတဆင့် နောက်ကွယ်က ကြိုးကိုင်သူတွေကို ဆက်လက်စုံစမ်း ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။
Source: ANI










