
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ လူထုနဲ့အတူ ပူးပေါင်းပါဝင်ဆန္ဒပြတဲ့ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေကို အထက်အရာရှိက လိုက်လံဖမ်းဆီးနေတဲ့အတွက် အဆိုပါရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒီနေ့ မနက် ၁၀ နာရီလောက်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ လူထုနဲ့အတူ လာရောက်ပူးပေါင်းဆန္ဒဖော်ထုတ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့ဆန္ဒထုတ်ဖော်ပြီး လူထုကြားထဲကနေ ထွက်ခွာစဉ် လိုက်လံဖမ်းဆီးခံခဲ့ရပါတယ်။
လိုက်လံဖမ်းဆီးခြင်းခံရလို့ ထွက်ပြေးရာ လွိုင်ကော်ကော်မြို့နယ် ဘာဒိုကျေးရွာက လယ်ကွင်းတခုမှာ ပိတ်မိနေခဲ့တဲ့အတွက် မြို့တွင်းဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေက လယ်ကွင်းအထိလိုက်ပါပြီး ရဲတွေကို ပြန်လည်ဝန်းရံခဲ့ပါတယ်။
ဆန္ဒပြ ရဲတပ်ဖွဲ့တွေကို သူတို့အထက်ရာရှိက လာရောက်ပြီး ရဲတပ်ဖွဲ့ဝင်တွေဆီကို ပြန်သွားဖို့ လာရောက်စည်းရုံးခေါ်ဆောင်သွားခဲ့ပေမယ့် လိုက်ပါသွားခြင်းမပြုဘဲ လူထုနဲ့အတူ ရပ်တည်မယ်လို့ လူထုကို ကတိပြုခဲ့ပါတယ်။
“ကျနော် ကျမတို့အတွက် ဒီလိုလမ်းခရီးကြမ်းကြမ်းကို ဖြတ်သန်းလာပေးတဲ့ ပြည်သူလူထုကို အထူးပဲ ကျေးဇူးတင်ပါတယ်။ လေးလည်းလေးစားတယ်။ ဒါကြောင့်မို့လို့ ကျနော် ကျမတို့လည်း ပြည်သူနှင့် တထပ်တည်း ဒီမိုကရေစီရရှိရေးအတွက် အဆုံးတိုင် ကြိုးပမ်းသွားမှာ ဖြစ်တဲ့အတွက်ကြောင့် အားလုံးအတူတကွ ပူးပေါင်း ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပါတယ်” လို့ လူထုနဲ့ ပူးပေါင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။
ဒါ့အပြင် လူထုက စီစဉ်ပေးတဲ့ အစီအစဉ်အတိုင်း လိုက်ပါဆောင်ရွက်မယ်လို့ ကတိပြုခဲ့တဲ့အတွက် လူထုရဲ့ဝန်းရံမှုနဲ့ အဆိုပါ ပိတ်မိနေတဲ့နေရာကနေ ထွက်ခွာပြီး တိမ်းရှောင်ခဲ့ကြပါတယ်။
လွိုင်ကော်မြို့က စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြပွဲ တတိယနေ့ဖြစ်တဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြည်နယ်ရဲတပ်ဖွဲ့ဝင် ၅၀ နီးပါး ပူးပေါင်းပါဝင်လာခဲ့သလို ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဌာန၊ ပညာရေးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ဝန်ထမ်းတွေလည်း ပြည်သူနဲ့အတူ ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။










