
ကချင်ပြည်နယ် ဖားကန့်မြိုနယ်၊ တာမခန်ကျေးရွာတဘက်ကမ်းက ရွှေလုပ်ကွက်တခုမှာ မိုးကြိုးပစ်ခံရပြီး အမျိုးသား ၁ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
ဧပြီ ၃၀ ရက် ညနေ ၄ နာရီ ၁၀ မိနစ်လောက်က ရုတ်တရက်မိုးရွာပြီး မိုးကြိုးပစ်ခံရမှုကြောင့် အသက် ၃၂ နှစ်အရွယ် ကိုရန်နိုင်မိုး သေဆုံးခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကိုဇေယျာနဲ့ အသက် ၄၂ နှစ် အရွယ် ဦးအောင်ကိုသန်း၊ အသက် ၂၁ နှစ်အရွယ် ကိုဝိုင်ဝိုင်းတို့ ဒဏ်ရာ ရရှိခဲ့တာလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် ဒေသခံတယောက်က “ရုတ်တရက် မိုးသည်းထန်ရွာပြီး မိုးကြိုး ပစ်ချ တာခံရတာ။ မိုးကြိုးပစ်ချိန် ရွှေလုပ်ကွက်ထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသား တယောက်က ပွဲချင်းပြီး သေဆုံးသွားတာ။ နောက်ထပ် ၃ ယောက်က ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်” လို့ ပြောပါတယ်။
မိုးကြိုးစက်ကွင်းမိတာကြောင့် ဒဏ်ရာရရှိတဲ့အတွက် ဆေးကုသမှုခံယူနေရတဲ့ အမျိုးသား ၃ယောက် ကတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။
ဧပြီလနဲ့ မေလဟာ မြန်မာနိုင်ငံမှာ မိုးကြိုကာလဖြစ်တာကြောင့် ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်တာ၊ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ စတဲ့သဘာဝဘေးဖြစ်စဉ်တွေ ဖြစ်ပွားလာနိုင်တာ ကြောင့် သတိနဲ့နေထိုင်ဖို့ လိုတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။










