ဥရောပကုန်းမကြီးမှာ ၁၉၉၉ ခုနှစ်နောက်ပိုင်း ၂၇ နှစ်အတွင်း ပထမဆုံး နေအပြည့်ကြတ်မှုကို ဩဂုတ် ၁၂ ရက်မှာ မြင်တွေ့ခဲ့ရပါတယ်။
စပိန်၊ ပေါ်တူဂီဒေသ အနည်းစု၊ အိုက်စလန်၊ ဂရင်းလန်းနဲ့ ရုရှားမြောက်ပိုင်းမှာ နေအပြည့်ကြတ်ခဲ့ပါတယ်။
ဗြိတိန်နဲ့ ဥရောပဒေသအများစု၊ ကနေဒါနဲ့ အမေရိကန် မြောက်ပိုင်းမှာတော့ နေတစိတ်တပိုင်းကြတ်မှုကို မြင်တွေ့ခဲ့ရပါတယ်။
လဟာ ကမ္ဘာနဲ့ နေကြား တည့်မတ်စွာ ဝင်ရောက်လာပြီး နေရောင်ကို ပိတ်ဆို့လိုက်တာကြောင့် အခုလို နေကြတ်တာပါ။
နေအပြည့်ကြတ်တဲ့ နေရာတွေမှာ နေ့ဘက်ကနေ ခဏတာ ညအဖြစ် အမှောင်ကျသွားခဲ့ပါတယ်။ တချို့နေရာတွေမှာ အပြည့်ကြတ်တဲ့အချိန်ဟာ ၂ မိနစ်ကျော်လောက်အထိ ကြာမြင့်ခဲ့ပါတယ်။
ဥရောပတဝန်းက လူသန်းပေါင်းများစွာဟာ အထူးမျက်မှန်တွေတပ်ပြီး ဒီဖြစ်စဉ်ကို ကြည့်ရှုခဲ့ကြပါတယ်။
နေဟာ လထက် အဆ ၄၀၀ လောက် ပိုဝေးသလို နေရဲ့အချင်းကလည်း လရဲ့အချင်းထက် အဆ ၄၀၀ လောက် ကြီးပါတယ်။
ဒါကြောင့် ကမ္ဘာကကြည့်ရင် နေနဲ့လဟာ အရွယ်အစားတူသလို မြင်ရတာပါ။ လဟာ အနည်းငယ်ပိုသေးတာ ဒါမှမဟုတ် ကမ္ဘာကနေ ပိုဝေးတာဆိုရင် နေအပြည့်ကြတ်မှုကို မြင်ရမှာ မဟုတ်ပါဘူး။
၂၀၂၆ ကနေ ၂၀၂၈ အထိ နေအပြည့်ကြတ်မှု ၃ ကြိမ်ရှိမှာ ဖြစ်တာကြောင့် ဒီကာလကို “နေအပြည့်ကြတ်မှု ရွှေခေတ်” လို့ တင်စားထားပါတယ်။











