
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ လာမဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်မှာဖြစ်တယ်လို့ ဖီဖာဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနိုက အတည်ပြု ပြောပါတယ်။
နယူးဂျာစီပြည်နယ် MetLife အားကစားကွင်းမှာ ကျင်းပမဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ထရမ့်ပ်ဟာ ဆုဖလား ပေးအပ်ပွဲကို ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ကို ဇူလိုင် ၁၉ ရက်မှာ ကျင်းပသွားမှာပါ။ အင်ဖန်တီနိုကတော့ ထရမ့်ပ်နဲ့အတူ ဗိုလ်လုပွဲကို ပျော်ရွှင်စွာ ကြည့်ရှုပြီး ဆုဖလားကို အတူတကွ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ထရမ့်ပ်ဟာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင် အမေရိကန်အသင်းအပါအဝင် ပွဲစဉ်တပွဲကိုမှ တက်ရောက်အားပေးတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ်က ကလပ်ကမ္ဘာ့ဖလား ဆုပေးပွဲမှာလည်း ချဲလ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းစ်ကို ဆုပေးပြီး နောက် ထရမ့်ပ်က စင်ပေါ်မှာ ဆက်နေခဲ့တာကြောင့် ကစားသမားတွေ အနည်းငယ် စိတ်ရှုပ် ထွေးခဲ့ဖူးပါတယ်။
Photo:Reuters










