
အမေရိကန်မှာ ခိုလှုံခွင့်လျှောက်ထားပြီးသား ဒါမှမဟုတ် လက်ရှိလျှောက်ထားနေတဲ့ နိုင်ငံခြားသား တွေရဲ့ non-immigrant visa တွေကို ရုပ်သိမ်းဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရက စီစဉ်နေတယ်လို့ ဩဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အမေရိကန်ကို အချိန်တို လာရောက်သူအဖြစ် ဝင်လာပြီး နောက်ပိုင်း ခိုလှုံခွင့်တောင်းသူတွေကို စာရင်းဖော်ထုတ်ဖို့ အမိမြေလုံခြုံရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
၂၀၁၆ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ထုတ်ပေးထားတဲ့ B1 လုပ်ငန်းဗီဇာနဲ့ B2 အလည်အပတ်ဗီဇာ တွေကို ရုပ်သိမ်းမှာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက အရေအတွက်ကို မထုတ်ပြန်ပေမဲ့ ခိုလှုံခွင့်တောင်းသူ ၂ သိန်းအထိ ထိခိုက်နိုင်တယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။
အကောင်အထည်ပေါ်လာရင် ဒါဟာ အမေရိကန်သမိုင်းမှာ တကြိမ်တည်းနဲ့ ဗီဇာအများဆုံး ရုပ်သိမ်းမှု ဖြစ်လာနိုင်ပါတယ်။
ဗီဇာရုပ်သိမ်းတာဟာ ချက်ချင်းပြန်ပို့ခံရမယ်လို့ မဆိုလိုပေမဲ့ လုပ်ငန်း ဒါမှမဟုတ် အလည်အပတ် ဗီဇာကိုတော့ ဆုံးရှုံးမှာဖြစ်ပါတယ်။
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာ လန်ဒေါက လူဝင်မှုကြီးကြပ်ရေးစနစ်ဟာ “အခြေအမြစ်မရှိတဲ့ ခိုလှုံခွင့်တောင်းဆိုမှုတွေကြောင့် အချိန်ကြာမြင့်စွာ ဝန်ပိနေတယ်” လို့ စွပ်စွဲ ပါတယ်။
ထရမ့်ပ်အစိုးရလက်ထက်မှာ ဩဂုတ်လအစောပိုင်းအထိ နိုင်ငံခြားသားတွေရဲ့ ဗီဇာ ၁၇၅,၀၀၀ ကျော်ကို ရုပ်သိမ်းခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ထရမ့်ပ်က ဒီလူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှုဟာ အမေရိကန်ရဲ့ ပြည်တွင်းလုံခြုံရေး မြှင့်တင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီမူဝါဒတွေဟာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ဥပဒေကြောင်းအရ တရားမျှတစွာ ဆောင်ရွက်ခံပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ ဝေဖန်ထားပါတယ်။
Source:Reuters











