ကနေဒါ တောမီးကနေ မီးခိုးတွေ ပျံ့နှံ့လာပြီး အမေရိကန်နိုင်ငံထဲ လေထုညစ်ညမ်းရတဲ့ကိစ္စဟာ ကနေဒါနိုင်ငံရဲ့ ပေါ့ဆမှုကြောင့်ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က ဇူလိုင် ၁၇ ရက်မှာ ပြင်းပြင်းထန်ထန် အပြစ်တင်လိုက်ပြီး ကနေဒါအပေါ် သွင်းကုန်ခွန် တိုးကောက်မယ်လို့ ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။
ကနေဒါနိုင်ငံဟာ သူတို့ရဲ့ သစ်တောတွေနဲ့ တောချုံပုတ်တွေကို စနစ်တကျ မထိန်းသိမ်းတဲ့အတွက် အမေရိကန်နိုင်ငံထဲကို ညစ်ပတ်ပြီး အန္တရာယ်ရှိတဲ့ လေထုတွေက ကျူးကျော်ဝင်ရောက်လာနေတာဟာ တမင်သက်သက် ပေါ့ဆတာဖြစ်ပြီး နှစ်စဉ်လိုလို ဖြစ်နေတာမို့ အမေရိကန်အနေနဲ့ ဒေါ်လာ ဘီလီယံနဲ့ချီ ဆုံးရှုံးနေရတယ်လို့ ထရမ့်ပ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားပါတယ်။
ဒါကြောင့် ဒီလေထုညစ်ညမ်းမှုအတွက် ကျသင့်တဲ့ ကုန်ကျစရိတ်တွေကို ကနေဒါက လက်ရှိ ပေးဆောင်နေရတဲ့ သွင်းကုန်ခွန်တွေထဲမှာ မဖြစ်မနေ ထည့်သွင်းကောက်ခံသွားမှာဖြစ်ပြီး၊ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးဆီကိုလည်း ဖုန်းဆက်ပြီး ဒီကိစ္စ ဘာတွေစီစဉ်ထားလဲဆိုတာ မေးမြန်းသွားမယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ ကနေဒါနိုင်ငံ အနောက်တောင်ပိုင်း ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ပမ်ဘာတန် မြို့နားမှာ တောမီးတွေ အရှိန်ပြင်းပြင်းနဲ့ ကူးစက်လောင်ကျွမ်းနေတာကြောင့် ဇူလိုင် ၁၆ ရကမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ မီးသတ်သမားတွေ ကြိုးစားနေကြရပါတယ်။
ကနေဒါတောမီးကနေ ထွက်လာတဲ့ မီးခိုးလုံးကြီးတွေဟာ အမေရိကန်နိုင်ငံထဲကို ဖြတ်ကျော် ဝင်ရောက်လာပြီး ဝါရှင်တန်ဒီစီအပါအဝင် အမေရိကန်မြို့ကြီးတွေအထိ ဖုံးလွှမ်းသွားခဲ့တာကြောင့် အမေရိကန်ပြည်နယ်ပေါင်း ၁၂ ခုထက်မကမှာ လေထုအရည်အသွေး သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
တာဝန်ရှိသူတွေကလည်း လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး ထိခိုက်နိုင်ခြေရှိတာမို့ သတိထားကြဖို့ မြို့ခံတွေကို သတိပေးထားပြီး ဒေသခံတွေကို တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းထားပါတယ်။
လောလောဆယ် ကနေဒါအနောက်ပိုင်းမှာတော့ ရာသီဥတုက ဆက်ပြီး ပူပြင်းခြောက်သွေ့နေတာကြောင့် မီးသတ်သမားတွေဟာ တောမီးတွေကို အမိအရ ထိန်းချုပ်နိုင်ဖို့ ကုန်းကြောင်း၊ လေကြောင်းကနေ အပြင်းအထန် ကြိုးပမ်းနေကြရပါတယ်။
မီးသတ်ရဟတ်ယာဉ်တွေဟာ မီးခိုးလုံးကြီးတွေပေါ်ကနေ ပျံသန်းငြှိမ်းသတ်နေကြပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ လက်ရှိလောင်နေတဲ့ တောမီးတွေကို အမိအရ ထိန်းချုပ်နိုင်ဖို့ပဲ အဓိက အာရုံစိုက် လုပ်ဆောင်နေကြရပါတယ်။
ကနေဒါနိုင်ငံမှာ မကြာသေးခင်နှစ်တွေအတွင်း တောမီးလောင်ကျွမ်းမှု ရာသီတွေဟာ ပိုပြီးတော့ ပြင်းထန်လာခဲ့ပါတယ်။ တောမီးကနေထွက်တဲ့ မီးခိုးတွေဟာ အမေရိကန်နယ်စပ်ကို မကြာခဏ ဖြတ်ကျော်ဝင်ရောက်လေ့ရှိပြီး လူသန်းပေါင်းများစွာကို ထိခိုက်စေတာ ဖြစ်ပါတယ်။










