DVB Logo
Home
Lead Story
စစ်အာဏာရှင်ဩဇာခံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို SEANF အဖွဲ့၀င်အဖြစ်မှ ရပ်စဲ
DVB
·
October 20, 2026
Photo: MNHRC
Photo: MNHRC
Donate to DVB

စစ်အာဏာရှင်လက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲလိုက်တယ်လို့ မလေးရှား လူ့အခွင့်အရေးကော်မရှင်က အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ ကော်မရှင်ကို SEANF ရဲ့ အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိခွင့်ကို ပယ်ဖျက်ဖို့ အောက်တိုဘာ ၁ ရက်က အတည်ပြု ဆုံးဖြတ်ခဲ့ပြီး မလေးရှား အပါအဝင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ တီမောလက်စ်တေတို့ ပါဝင်တဲ့ လူ့အခွင့်အရေးဆိုင်ရာဥက္ကဋ္ဌ ၅ ယောက်က တူညီဆန္ဒနဲ့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်မှာ စတင်ခဲ့တဲ့ မြန်မာလူ့အခွင့်အရေးကော်မရှင်အနေနဲ့ SEANF အဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်နိုင်တဲ့ အရည်အချင်း ပြည့်မီမှု ရှိ၊ မရှိ တရားဝင် ပြန်လည်သုံးသပ်စိစစ်မှုအပြီး ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

သုံးသပ်နေစဉ်အတွင်း SEANF ဘက်က စစ်အာဏာရှင်လက်အောက်ခံ MNHRC ဆီကို စက်တင်ဘာ ၁ ရက်မှာ စာရေးသား အကြောင်းကြားခဲ့ပြီး MNHRC ဘက်ကလည်း တုံ့ပြန်ရှင်းလင်းခွင့်အပြင် အောက်တိုဘာ ၁ ရက်နေ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကို တက်ရောက်ခွင့်ပါ ဖိတ်ကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

MNHRC ဘက်က စက်တင်ဘာ ၂၄ ရက်စွဲပါစာနဲ့ စက်တင်ဘာ ၂၆ ရက်စွဲပါ သတင်းထုတ်ပြန်ချက်တို့မှာ အဲဒီပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်ကို ငြင်းပယ်ကြောင်းနဲ့ ပါဝင်ပတ်သက်မှု မရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ MNHRC ရဲ့ တုံ့ပြန်ချက်တွေကို စေတနာထား စဉ်းစားခဲ့ပေမဲ့လည်း စိစစ်တွေ့ရှိချက်တွေကို ကျေနပ်ဖွယ် ရှင်းလင်းနိုင်ခြင်း မရှိဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။

အဲဒီနောက် စစ်အာဏာရှင်လက်အောက်ခံ ကော်မရှင်ဟာ SEANF ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘူးလို့ အောက်တိုဘာ ၁ ရက်မှာ အတည်ပြုဆုံးဖြတ်ပြီး အဖွဲ့၀င်အဖြစ်ကနေ ရပ်စဲလိုက်တာပါ။

ဒီဆုံးဖြတ်ချက်ကြောင့် စစ်အာဏာရှင်လက်အောက်ခံ ကော်မရှင်ဟာ လာမဲ့ ၂၀၂၇ ခုနှစ် အလှည့်ကျ ဖိုရမ်ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခွင့်မရှိတော့တဲ့အပြင် အောက်တိုဘာ ၁ ရက်ကစလို့ ၂၀၂၆ ခုနှစ်အတွက် ၂၃ ကြိမ်မြောက် SEANF နှစ်ပတ်လည်ညီလာခံ ဒါမှမဟုတ် တခြား အစည်းအဝေးတွေမှာ ဆက်လက်ပါဝင်ခွင့် မရှိတော့ဘူးလို့ ဆိုပါတယ်။

အဖွဲ့ဝင်အဖြစ်မှ ရပ်စဲလိုက်ပေမဲ့လည်း MNHRC ဘက်က ကုလသမဂ္ဂရဲ့ ပါရီမူဝါဒတွေနဲ့ လိုက်လျောညီထွေရှိစေဖို့ ထင်ရှားတဲ့ ကြိုးပမ်းမှုတွေကို လုပ်ဆောင်သက်သေပြနိုင်ရင် SEANF အဖွဲ့ဝင်အဖြစ် ပြန်လည်လျှောက်ထားခွင့် ရှိနေသေးကြောင်း သိရပါတယ်။

SEANF အနေနဲ့ ဒီလုပ်ငန်းစဉ်ကို မျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့ သက်သေအထောက်အထား အခြေခံပြီး ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းနဲ့ A အဆင့် အသိအမှတ်ပြုခံ အဖွဲ့အစည်းတွေအနေနဲ့ ဖိုရမ်ရဲ့ ယုံကြည်စိတ်ချရမှု၊ ဂုဏ်သိက္ခာနဲ့ တာဝန်ယူမှုတွေကို စုပေါင်း ထိန်းသိမ်းသွားမှာဖြစ်ကြောင်း အလေးပေး ထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ မြန်မာနိုင်ငံလူ့အခွင့်အရေးရေးကော်မရှင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်ခံရသူတွေကို အကာအကွယ်ပေးဖို့ ဒါမဟုတ် စစ်အာဏာရှင်တပ်ရဲ့ မြန်မာတနိုင်ငံလုံးမှာ စနစ်တကျ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိလာအောင် ဆောင်ရွက်နိုင်စွမ်းရှိတဲ့ လွတ်လပ် အမှီအခိုကင်းတဲ့ အင်စတီကျူးရှင်းတခုအဖြစ် လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြပါတယ်။

ဒါ့အပြင် အဲဒီကော်မရှင်ဟာ မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ အပါအဝင် လူမဆန်တဲ့ သတ်ဖြတ်နေမှုတွေ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို မှတ်တမ်းတင် ဖော်ပြဖို့၊ ပြစ်တင်ရှုတ်ချဖို့ မလုပ်ခဲ့တာ ဒီနေ့ထိ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ၂၀၂၅ ဖေဖော်ဝါရီလက MNHRC ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်သူတွေဘက်က ရပ်တည်ထုတ်ဖော်တာ မရှိဘဲ စစ်အာဏာရှင်တပ်ရဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေကို ရေငုံနှုတ်ဆိတ်နေတယ်လို့ ထုတ်ပြန်ကာ MNHRC ကို အသိအမှတ်မပြု ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013