
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဆင်နွှဲနေကြတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာသံရုံးအသီးသီးက နှစ်သစ်ဆုတောင်းစကားတွေ ပြောကြားလိုက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေ အဆုံးသတ်စေရေး အတွက် ဆက်လက်ကူညီပေးသွားမယ်လို့ ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
သင်္ကြန်အခါသမယဟာ ပြီးခဲ့တာတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ရှေ့လာမဲ့ နှစ်သစ်ကို မျှော်ကြည့်ဖို့ အခွင့်အရေးတခု ဖြစ်တယ်၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် တိုင်းပြည်ဆက်လက် ယိုယွင်းနေပေမဲ့ အဆိုပါ အကျပ်အတည်းတွေ အဆုံးသတ်စေရေးအတွက် ကူညီပံ့ပိုးပေးဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက်သန္နိဋ္ဌာန်ချထားတယ်လို့ ဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။
မြန်မာပြည်သူတွေဟာ ဆက်တိုက်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကြားမှာ ရဲစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို ထပ်တလဲလဲ ပြသခဲ့ကြပြီး သင်္ကြန်ရဲ့ အနှစ်သာရက မိမိတို့ကို ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်တွေရှိကြောင်း သတိပေးနေတဲ့အတိုင်း မြန်မာပြည်သူတွေအတွက် ခွန်အား၊ ကြံ့ကြံ့ခံနိုင်ရည်နဲ့ လာမဲ့နှစ်သစ်မှာ မျှော်လင့်ချက်အသစ်တွေ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးတယ်လို့လည်း မာကိုရူဘီယိုက ဧပြီ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း မြန်မာနိုင်ငံသားတွေအတွက် နှစ်သစ်ကူးသင်္ကြန် ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့အကြောင်း စိန်ခေါ်မှုများစွာ ကြုံတွေ့နေရတဲ့အချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ ရဲစွမ်းသတ္တိ၊ မဆုတ်မနစ်သော လုံ့လဝီရိယနဲ့ ငြိမ်းချမ်းရေးအတွက် ထားရှိတဲ့ ခိုင်မြဲတဲ့ မျှော်လင့်ချက်တွေကို ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ဆက်လက်ရှုတ်ချကြောင်း၊ အရပ်သားတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပိုမိုတိုးမြှင့်လာတာ၊ အခြေခံလွတ်လပ်ခွင့်တွေအပေါ် ဆက်လက်ကန့်သတ်ထားတာနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားတာတွေကို စိုးရိမ်ပူပန်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။
နှစ်သစ်ကူး သင်္ကြန်ကာလသမယဟာ အကြမ်းဖက်မှုတွေကို လျှော့ချဖို့နဲ့ ပိုမိုငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နှစ်သစ်ကို ဖော်ဆောင်ရေးအတွက် ယုံကြည်မှုတွေ ဖြည့်တင်းဖို့ အချိန်ကာလကောင်း ဖြစ်တယ်၊ ကနေဒါနိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းဆောင်ရွက်နေကြသူတွေနဲ့အတူ မားမားမတ်မတ် ရပ်တည်နေတယ်လို့ ကနေဒါသံရုံးက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံး၊ ရန်ကုန်ရဲ့ သံရုံးအကြီးအကဲ အန်ဒရူးဂျက်ဆင်ကတော့ ရန်ကုန်မှာ ပထမဆုံးအကြိမ် သင်္ကြန်ပွဲတော်ကို တွေ့ကြုံခံစားဖို့ ပြင်ဆင်နေချိန် မြန်မာနိုင်ငံတဝန်းရှိ မိတ်ဆွေတွေ အားလုံးအတွက် အေးချမ်းဖွယ် သင်္ကြန်ကာလကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းပေးထားပါတယ်။
မြန်မာနိုင်ငံက မိတ်ဆွေတွေရဲ့ ကြင်နာမှု၊ ကတိကဝတ်နဲ့ မတူကွဲပြားမှုတွေကနေ စိတ်ခွန်အားရရှိကြောင်း ပြောကြားခဲ့ပြီး ယူကေအစိုးရရဲ့ မြန်မာပြည်သူပြည်သားတွေအပေါ် ဆက်လက်ထားရှိတဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုတယ်လို့ သံရုံးအကြီးအကဲ အန်ဒရူးက ပြောပါတယ်။
ဥရောပသမဂ္ဂ (EU) ကတော့ သင်္ကြန်အခါသမယမှာ မြန်မာ ပြည်သူလူထုနဲ့အတူ ခိုင်မာစွာ ရပ်တည်နေကြောင်နဲ့ မြန်မာလူထုရဲ့ မျှော်လင့်ချက်တွေကို အစဉ်အမြဲ အားပေးထောက်ခံသွားမယ်လို့ ထပ်လောင်းအတည်ပြုထားပါတယ်။
အတိတ်ကာလရဲ့ အခက်အခဲတွေကို ဘယ်အရာကမှ အလုံးစုံ ဆေးကြောသန့်စင်ပေးနိုင်မှာ မဟုတ်ပေမဲ့ ကျ ရောက်လာမယ့် နှစ်သစ်မှာ ငြိမ်းချမ်းခြင်း၊ ခွန်အားသစ်ရရှိခြင်းနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် လမ်းစတွေ ပေါ်ပေါက်လာခြင်းတို့ ဖြစ်ထွန်းပါစေဖို့ ဥရောပသမဂ္ဂက ဆုတောင်းပေးထားပါတယ်။
အာဆီယံကတော့ မြန်မာပြည်တဝန်း နွေအပူရှိန် ပြင်းထန်လာတာနဲ့အမျှ ပိတောက်ပန်းတွေဆီကနေ လွင့်ပျံ့လာတဲ့ သင်းပျံ့ပျံ့ရနံ့ဟာ စိတ်နှလုံးကို အေးချမ်းစေတဲ့အကြောင်း၊ ရွှေဝါရောင်အပွင့်လေးတွေဟာ နှစ်သစ်ကူးဖို့ နီးကပ်နေပြီဖြစ်ကြောင်း အသိပေးတဲ့ သင်္ကြန်ရဲ့ ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း၊ သင်္ကြန်ဟာ ခွင့်လွှတ်ခြင်းနဲ့ အသစ်တဖန် မွေးဖွားခြင်းအတွက် အချိန်အခါဖြစ်ကြောင်း၊ အာဃာတဟောင်းတွေကို ဆေးကြောသန့်စင်ပြီး စင်ကြယ်တဲ့ စိတ်နှလုံး၊ လန်းဆန်းတဲ့ အစပြုခြင်းတွေနဲ့ အတူ နှစ်သစ်ကို လှမ်းဖို့ သတိပေးနေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ နော်ဝေ၊ ထိုင်း၊ တရုတ် စတဲ့ သံရုံးတွေကတည်း ပျော်ရွှင်စရာ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဖြစ်စေဖို့ သံရုံးတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ အသီးသီး ဆုတောင်းပေးထားကြပါတယ်။










